သတင်း

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ နန့်ယားကျေးရွာအတွင်း အဝင်အထွက် စစ်ဆေးရေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အရင်းတုန်းကတော့ စစ်ဆေးတာလုပ်ကြတယ်။ အခုနောက်ပိုင်းပြန်မလုပ်တော့ဘူး။ ဒါပေမယ့် တစ်နေ့က သူတို့ ပြည်သူ့စစ်ခေါင်းဆောင် ပြန်သတ်ခံရလို့ အခုက အဝင်အထွက် အားလုံးကို စစ်ဆေးတာတွေလုပ်တယ်။ သူတို့ရဲ့ ဂိတ်မှာ ရောက်ရင် ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတယ်။ ရွာထဲမှာလည်း သူတို့ မသင်္ကာတဲ့ အိမ်တွေကိုလည်း လိုက်စစ်တယ်လို့ကြားတယ်ဟု နန့်ယာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ယခုလို ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာနေ ပြည်သူများကို တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန် လုပ်ဆောင် လာမည်ကို ဒေသခံတစ်ချို့က စိုးရိမ်နေကြသည်ဟု သူကဆက်ဆိုသည်။

လက်ရှိတွင် နန့်ယားကျေးရွာအဝင်တွင်ရှိသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းဂိတ်တွင် ကျေးရွာနေ ပြည်သူများနှင့် ခရီးသည်များကို ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရသည့် နေ့ရက်မှစပြီး စစ်ဆေးရေး ပိုမိုတင်းကြပ်ထားသည့်အပြင် ညအချိန်တွင် နန့်ယား စစ်တပ်ကုန်းမှ KIA ရှိနိုင်သည်ဟု ယူဆရသည့် တောဘက်သို့ လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ် မှုများပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးသည် စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် သူ၏ နေအိမ်ရှေ့အဝင်တံခါးဝတွင် လူငယ် ၂ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်ပါသည်။

နန့်ယာပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရမှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ယခုပစ်သတ်ခံရသည့် ဦးထွန်းထွန်းဦး၏ အထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်လည်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button