သတင်း

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအုပ်စု ကတ္တုကျေးရွာတွင် အများပြည်သူများထံမှ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင် Special.9-HPDF တပ်ဖွဲ့က သွားရောက်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၃ဦးသေဆုံးမှုရှိခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်တပ်ဂိတ်စခန်းသည် ဗန်းမော်မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင် တပ်ချထားသည့် ဂိတ်စခန်းတစ်ခုဖြစ်ပြီး ပဒေသာမိုင်း ၂လုံးဖြင့် သွားရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Special.9-HPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

သူတို့က မြတောင်လမ်းဆုံဂိတ်မှာ ပုံမှန်စစ်ဆေးတာတွေလုပ်တယ်။ ပြည်သူတွေဆီးက ငွေညှစ်တောင်းတယ်။ အဲ့ကြောင့် ကျနော်တို့က သူတို့မရှိတဲ့အချိန် မိုင်းသွားထောင်တားတယ်။ ဒီမနက်က ဂိတ်စခန်းတဲပေါ်ကို စစ်သား ၃ယောက်တက်လာတယ်။ ထောင်ထားတဲ့မိုင်းကိုတွေ့သွားမှာကြောက်လို့ အဲ့ ၃ယောက်ကိုဘဲ ချိန်ချလိုက်တယ်ဟုပြောသည်။

ယနေ့နံနက်ပိုင်းအချိန် ဂိတ်စခန်းတိုက်ခိုက်ခံရသည့်အပြင် တပ်သား ၃ဦး သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် လက်ရှိ နံနက်ပိုင်း ၁၁နာရီဝန်းကျင်အထိ သွားလာသည့်ပြည်သူများကို ပုံမှန်ထက် စစ်ဆေးမှုတင်းကြပ်ထားသည်ဟု သိရသည်။

ယခုလို Special.9-HPDF တပ်ဖွဲ့ဘက်မှ စစ်ကောင်စီ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရခြင်းမှာ လမ်းသွား လမ်းလာ ငွေကြေးကောက်ခံခြင်း၊ စစ်ဆေးမှုများလုပ်ဆောင်နေသည့်အတွက် အများပြည်သူစိတ်အနှောက်အယှက်မဖြစ်စေရန် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းအရင်းအမြစ်ထံမှသိရသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁ရက်နေ့တွင်လည်း မြတောင်ကျေးရွာဘက်မှဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မောင်းကုန်းအုပ်စု ဖုန်ကုန်းကြီးကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဆက်လက်သိရသည်။

Show More

Related Articles

Back to top button