သတင်း

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ဦးအထက်ရှိနိုင်ကြောင်းသိရသည်။

စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ဖွဲ့သည် စစ်လှေဖြင့် မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဉ် မိုးစစ်ကျေးရွာအနီး ဗိုလ်မိုးကြိုးဦးဆောင်သည့် KPDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KPDF  ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

မနေ့က အခြေအနေက မော်တော်နဲ့ မြစ်ကူးလာတဲ့အချိန် တဖက်ကမ်းကနေ အပိုင်ပစ်ချတာ။ သေတဲ့သူကသေ သေနတ်တွေတောင်မှ လိုက်ဆယ်ယူနေကြတာတဲ့။ စစ်အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ၂၀ ကျော်လောက်က အဲ့နေရာမှာတင်သေဆုံးနိုင်တယ်။ သူတို့ရဲ့အလောင်းတစ်ချို့က လိုက်ဆယ်နိုင်တယ်ဟုပြောသည်။

စစ်အင်အား အများအပြားပါရှိသည့် စစ်လှေတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၇ဦးထက်မနည်းရှိနိုင်မှုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရုပ်အလောင်း ၅လောင်းကို ထမ်းပိုးသွားကြသည်ဟု သူကဆက်ဆိုသည်။

ထိုသို့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရသည့်အတွက် မိုးစစ်ကျေးရွာဘက်သို့ တန်ပြန် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျမှန်ကာ အသက် ၇နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၅ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်နက်ကြီးတွေကျတော့ ကလေးတွက ပုန်းကြတာ။ အဲ့ဒီကလေးတွေပုန်းတဲ့ နေရာမှာ ကျပြီး ပေါက်ကွဲသွားတယ်ဟု မိုးစစ်ကျေးရွာ ဒေသခံတစ်ဦး ပြောသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် လက်နက်ကြီးထိမှန်သေဆုံးသွားသည့် ၇နှစ်သားအရွယ် မောင်ဇွဲနိုင်ဝင်း ခေါ်သူဖြစ်သည်။

ထို့နောက် ကလေးငယ် ၄ဦးပြင်ထန် ဒဏ်ရာရရှိထားကာ အမျိုးသမီးတစ်ဦးလည်း ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပြီး ပြည်သူများ၏ လူနေအိမ်တစ်ချို့ကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် မိုးစစ်ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိနေပြီး လူနေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မိုးစစ်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတည်ရှိပြီး ရွှေကူမြို့၏ တစ်ဖက်ကမ်းတွင်ရှိ သည်။

Show More

Related Articles

Back to top button