တိုက်ပွဲသတင်း

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြို့နယ် တောင်ယာတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ဆေးရေးဂိတ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် ပြည်သူများအပေါ်မတရား ရိုက်နက် စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးကောက်ခံနေသည့် ရေယာဉ်ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F) မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

စခန်းက ကမ်းနားမှာတည်ထားတာ ပျူစောထီးတွေလည်းပါတယ်။ သူတို့ရဲ့နယ်မြေဖြစ်တော့ အေးဆေးနေကြတယ်။ ပုံမှန်ဆို လူအင်အား အယောက်  ဝန်းကျင်လောက်ဘဲရှိကြတယ်။ အဲ့ထဲမှာ ရဲဝန်ထမ်းတွေ စစ်သားတွေအကုန်ရှိတယ်။ သူတို့ရဲ့တဲက ၄ခုလောက်ရှိတယ် ကျနော်တို့က ပြောက်ကျားပုံစံနဲ့ ဝင်ပစ်ခဲ့ကြတယ်။ လက်နက်တစ်ချို့ကိုလည်းသိမ်းလာနိုင်တယ်ဟုပြောသည်။

စစ်တပ်ဂိတ်စခန်းအတွင်း တိုက်ခိုက်မှု ၅မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ ၄ဦးခန့် ဒဏ်ရာရရှိခဲ့သည်ကို မျက်မြင်တွေ့ရခဲ့ကြောင်း သူကဆက်ဆိုသည်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်မှ MA3 ၁ လက်၊ ကျည်ဘောက် ၄ခု၊ ကျည်အတောင့် ၂၁၀ခု၊ လက်လုပ်သေနတ် အတို ၂လက်၊ ဓား ၃ချောင်းနှင့် ငွေသား ၈သိန်း သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး မိနစ်အနည်းငယ်အကြာတွင် ဆိုင်ကယ်များဖြင့် စစ်အင်အားအချို့ပြန်လည်ရောက်ရှိလာပြီး လိုက်လံပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ကျောင်းသားတော်လှန်ရေးအဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါ ရေယာဥ်စစ်တပ်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်အင်အား ၃၀ ဝန်းကျင်ပုံမှန် ရှိသည့် ဂိတ်စခန်းနေရာတစ်ခုဖြစ်ပြီး  မင်းကင်းမြို့နယ်တွင် အကြီးဆုံး ဂိတ်စခန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button