စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအိုကျေးရွာ ၂ခုတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက်ကြီးရွယ်အို တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရင်ပေါင်တိုင်ကျေးရွာအနီး စစ်ကောင်စီ ရဟတ်ယာဉ် ၄ စီးဖြင့် စစ်အင်အား ၁၀၀ ကျော် ပို့ချခဲ့ပြီး စစ်ကြောင် ၂ခွဲကာ ရင်ပေါင်တိုင်နှင့် ပျားအိုရွာ ၂ခု အတွင်း လက်နက်ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့သဖြင့် ယခုလို သေဆုံးမှုရှိခဲ့သည်ဟု ဒေသတစ်ဦး KNG ကိုပြောသည်။
“ရဟတ်ယာဉ်နဲ့ အင်အားလာချသွားတယ် အဲ့စစ်သားတွေက ရွာထဲမှာဝင်ပြီး ရမ်းပစ်လို့မှန်တာဟုတ်တယ်။ လက်နက်ထိမှန်သွားတဲ့ ၂ယောက်က သမီး ယောက္ခမတွေဖြစ်ကြတယ်လို့သိရတယ်။ သူ့ချွေးမဖြစ်သူက ကိုယ်ဝန် ၆ လအရွယ်ရှိပြီလို့သိရတယ်။ ၂ ယေက်စလုံးအဲ့နေရာမှာတင် အသက်သေဆုံးခဲ့ရပါတယ်”ဟုပြောသည်။
အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး ၂ဦးမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ညွန့်ခေါ်သူနှင့် အသက် ၃၀ နှစ်အရွယ်ရှိသူ ဒေါ်စိုးတို့ဖြစ်ကြပြီး ၎င်းတို့သည် နုန်းတန်ကျေးရွာဇာတိများဖြစ်ကြသည်ဟုသိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကျည်ထိမှန်မှုကြောင့် ဒေသခံအမျိုးသမီး ၂ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် အမျိုးသား ၂ဦးလည်း ဒဏ်ရာပြင်းထန်ရရှိထားသည်ဟု သတင်းအရင်းအမြစ်ကပြောသည်။
အဆိုပါ စစ်ကြောင်း ၂ခုပေါင်း စစ်အင်အား ၁၂၀ ဝန်းကျင်ရှိပြီး ယနေ့နံနက်ပိုင်း ရင်ပေါင်တိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဒေသခံအမျိုးသား ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက်သိရသည်။
ယခုလို ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ရွာပေါင်း ၁၅ ရွာထက်မနည်း ဒေသခံများသောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။
ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် ပြီးခဲ့သော ဩဂုတ်လ ၁၁ ရက်နေ့တွင်လည်း စစ်တပ်မှ ရဟတ်ယာဉ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးမှုများရှိခဲ့သည်။