သတင်း

စစ်ရိက္ခာသယ် သင်္ဘော ၇စီးဆန်တက်လာသည့်အတွက် ရွှေကူနယ် ကျေးရွာတစ်ချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ထီးချိုင့်နယ်မှ ဗန်းမော်ဘက်သို့ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီး ဆန်တက်လာသည့်အတွက် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးစစ်နှင့် ရေလဲ ကျေးရွာနေပြည်သူများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောသည်။

ရွှေကူဒေသခံများအနေဖြင့် စစ်ကောင်စီ စစ်သင်္ဘောများ ဆန်တက်လာချိန်တွင် ပစ်ခတ်ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် စစ်ကြောင်းမရောက်မှီ  ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီး တစ်ဦးက KNG ကိုပြောသည်။

စစ်သင်္ဘောတွေ တက်လာကြပြီဆိုတော့ ဒီမနက်ကနေ တစ်ချို့ကထွက်ပြေးနေကြပြီ။ တစ်ချို့ကတော့ ရွှေကူမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးကြတယ်။ တစ်ချို့ကတော့ ဒီဘက်ကမ်းက လုံးခြုံမယ့် ရွာတွေမှာ တိမ်းရှောင်ကြ တယ်။ သင်္ဘောနီးလာရင်တော့ အားလုံးရှောင်ကြမှာပဲဟုပြောဆိုသည်။

မိုးစစ်နှင့် ရေလဲရွာ ၂ခုသည် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်တည်ရှိနေပြီး စစ်ကြောင်းထိုးဝင်လာတိုင်း အဆိုပါ ကျေးရွာများတွင် ဝင်ရောက်ကာ နေအိမ်များဖျက်ဆီးခံရမှု၊ အိမ်မွေးတိရိတ္ဆန်များအပါ သတ်ဖြတ်ပေးလိုက်ခြင်းနှင့် တွေ့ရှိသည့် ပြည်သူများကိုလည်း ဖမ်းဆီးနှိပ်စက်မှုများ ပုံမှန်လုပ်ဆောင်နေသည့်အတွက် ယခုထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောဆိုသည်။

လက်ရှိ စစ်သင်္ဘော ၇စီးသည် ကသာနယ်သို့ရောက်ရှိလာခဲ့ပြီး ထို သင်္ဘော ၇စီးထဲတွင် စစ်အင်အား ၁၅၀ ကျော်အပါ လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများအပြည့်သယ်ဆောင်လာကြောင်း ထီးချိုင့် PDF နီးစပ်သူ ပြည်သူတစ်ဦးက ယခုလိုပြောဆိုသည်။

စစ်သင်္ဘော ၇စီးက ကသာနယ်ထဲရောက်ပြီ။ ဗန်းမော်ကိုတက်လာတဲ့ သင်္ဘောတွေဖြစ်တယ်လို့သိရတယ်။ နောက်ပြီး စစ်သားတွေက အင်အား ၁၅၀ ကျော်လောက်ပါတယ်။ အဲ့ထဲမှာ လက်နက်ခဲယမ်းတွေ၊ သူတို့ရဲ့ စစ်ရိက္ခာတွေ အပြည့်သယ်လာတယ်ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အားအပါအဝင် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများတင်ပို့ရာတွင် ဧရာဝတီမြစ် ရေကြောင်းလိုင်းဖြင့်သာ အဓိကတင်ပို့လျက်ရှိနေပြီး ရွှေကူနယ်ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button