သတင်း

ကလေးငယ်များကောက်ယူလာသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် လူငယ် တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိ

ရွှေကူမြို့နယ် ရေလဲကျေးရွာတွင် ကလေးငယ်များ ကောက်ယူလာသည့် မိုင်းတစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟုသိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်း ၈နာရီဝန်းကျင် ရေလဲကျေးရွာအပြင်ဘက်တွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းဟုယူဆရသော မိုင်းတစ်လုံး ကလေးငယ်များ ကောက်ယူလာခဲ့ရာ ယင်းမိုင်းကို လူငယ် ၂ဦးက  သိမ်းယူပေးလိုက် ပြီးနောက် ညအချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖြစ်စဉ်သိသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

ကလေးတွေက ရွာအပြင်ဘက်ကနေ ကောက်လာတာ ဘယ်ကနေတွေ့ပြီး ကောက်လာမှန်းမသိဘူး။ ကလေးတွေလက်မှာ ကိုင်နေတာတွေ့လို့ လူငယ် ၂ယောက်က အကိုတို့ကိိုပေးပေါ့ ဆော့စရာမဟုတ်ဘူးဆိုပြီး သိမ်းယူသွားတာ။ အဲ့လူငယ် ၂ယောက်ကလည်း သူတို့ရဲ့ ခေါင်းရင်းမှာပဲ ထားရင်း အိပ်ပျော်သွားတဲ့။ အိပ်ပျော်နေတဲ့အချိန်မှာပဲ အဲ့ဒီမိုင်းကို လက်နဲ့ သွားထိလိုက်တော့ ပေါက်ကွဲမှုဖြစ်သွားတာ။ အဲ့နေရာမှာတင် တစ်ယောက်က ဆုံးသွားတယ်ဟုပြောဆိုသည်။

အဆိုပါ အိမ်နေရင်းမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လူငယ် ၂ဦးသည် အသက် ၂၀ ဝန်းကျင်ရှိသူများသာ ဖြစ်ကြပြီး တစ်ဦးမှာ ဗန်းမော် ရွှေကြီးနားရပ်ကွက်မှဖြစ်ကာ တစ်ဦးမှာ ရွှေကူမြို့ ကုန်းရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။

လူငယ် ၂ဦးအနက် ထိခိုက်ဒဏ်ရာရရှိထားသည့် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့နံနက်ပိုင်းအထိ သတိလစ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဆေးကုသခံယူနေရကြောင်းသိရသည်။

Show More

Related Articles

Back to top button