ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့ စစ်ဆေးရေးတင်းကြပ်နေသည့်အတွက် KIA ဘက်မှ ညမထွက်ရ အမိန့်ထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အများပြည်သူကို ရှောင်တခင် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်နေသည့်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် KIA အမိန့်ထုတ်ထားသည်ဟု သိရသည်။
ဖားကန့် မြို့တွင်း မြို့ပြင် လမ်းကြောင်းနေရာများဖြစ်ကြသည့် ဆန်းကြွယ် တံတား၊ ပန်းတင်တံတားနှင့် လုံးခင်းလမ်းဆုံး နေရာများအနှံ့တွင် စစ်ကောင်စီ အဖွဲ့မှ စစ်အင်အား အများအပြားဖြင့် လမ်းပိတ်ဆို့ စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဖားကန့်မြို့ဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။
“သူတို့ ဂိတ်ပိတ်ပြီး ပုံမှန်စစ်နေတာမျိုးတော့မဟုတ်ဘူး ခါတိုင်းစစ်နေတဲ့ နေရာတွေမှာ သူတို့စစ်ချင်တဲ့အချိန်တိုင်းစစ်နေတာ။ မနက်အစောကြီးလည်း စစ်တယ် နေ့လည် နေ့ခင်းလည်း စစ်တယ်။ ဖားကန့်မြို့ပေါ်ဆိုရင် ဖားကန့်အဝင်တွေမှာစစ်တယ် ကျောက်စိမ်းတောင် တံတားတွေမှာစစ်တယ် ဖားကန့်ရဲစခန်းနေရာတွင်မှာစစ်တယ်”ဟုပြောဆိုသည်။
စစ်ကောင်စီ စစ်သားနှင့်ရဲများက လမ်းတံတားများ၊ ဆိုင်းတောင်၊ လုံးခင်နှင့် ယူမာတို့ ရွာအဝင်အထွက် လက်ကိုင်ဖုန်းအတွင်းပါရှိသည့် ဓါတ်ပုံများ၊ ဖုန်းအဆက်အသွယ်များ၊ Messages Box ၊ ဆိုင်ကယ်တူးဘောက်၊ ကားရှေ့ဖုံး၊ အတွင်းခန်းများမကျန် စစ်ဆေးလျက်ရှိနေသည်ဟုသိရသည်။
ယခုလို စစ်ကောင်စီဘက်မှ စစ်ဆေးရေးအလွန်တင်းကြပ်လာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ မလိုအပ်ဘဲ ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် မိန့်စာကို ကချင်စာဘာသာဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လိုက်လံကပ်ထားသည်ကို မြင်တွေ့ရသည်ဟု သိရသည်။
KIA ဘက်မှ ည အပြင်အထွက်ရန် သတိပေးစာ ထုတ်ပြန်လိုက်ပြီးသည့်နောက်ပိုင်း အောက်တိုဘာလ ၂၅ ရက်နေ့ မှစပြီး ပြည်သူများအားလုံး လုပ်ငန်းခွင်များအစောသိမ်းဆည်းကာ နေအိမ်အတွင်းမှာသာ ရှိနေကြသည်ဟုလည်း ဖားကန့်ဒေသခံများပြောသည်။
ဖားကန့်ဒေသတွင် အများပြည်သူအပေါ် စစ်ဆေးရေးတင်းကြပ်လာခြင်းသည် အောက်တိုဘာလ ၂၃ ရက်နေ့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါနေရာတွင် အများပြည်သူ ပွဲပြုလုပ်နေစဉ် ဂျက်လေယာဉ် ၃စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ပြီး အရပ်သားပြည်သူအများအပြားသေဆုံးသည့်အပေါ် ဆေးကုသခွင့်မရအောင် လမ်းကြောင်းများပိတ်ဆို့နေခြင်းဖြစ်သည်။