ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ
ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် ကျေးရွာနယ်နမိတ်တွင် ရွှေတူးဖော်မည့်အစီစဉ်ကို ကန့်ကွက်သည့် ဒေသခံများနှင့် ခွင့်ပြုခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေတူးဖော်ရန်သာ ခွင့်ပြုခဲ့သည်ဟု ဒေသခံများဆိုသည်။
ဖုန်အိန်ယာန်ကျေးရွာ အနောက်ဘက်ခြမ်း ဖုန်အိန်ချောင်းတစ်ကမ်းရှိ ဒေသခံပြည်သူများ ရာသီအလိုက် တောင်ယာအခင်း လုပ်ကိုင်စားသောက်နေသည့် မြေဧက ၄၀ ဝန်းကျင်ခန့်တွင် ဦးအိုက်ဝမ် နှင့် ဦးအချီ တို့ နှစ်ဦးသည် ဒေသတွင်း KIO တာဝန်ရှိသူများဖြင့် ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ရွှေတူးမည်နေရာသည် ဒေသခံများ၏ စိုက်ပျိုးမြေဖြစ်သည့်အပြင် ကျေးရွာ နယ်နမိတ်အတွင်း ကျရောက်နေသောကြောင့် စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် လုပ်ငန်းရှင် နှစ်ဦးသာ ရွှေတူးခွင့် ရရှိသွားသည်ဟု ဖုန်အိန်ယာန် ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။
“အခုက ကျနော်တို့ ဒေသခံတွေက ရွာနဲ့ အရမ်းနီးတဲ့နေရာဖြစ်သွားတဲ့ အဲ့ဒီနေရာမှာ ရွှေ မတူးပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် မရဘူး သူတို့က အထက်အမိန့်ပုံစံနဲ့ တူးခွင့်ပေးလိုက်တယ်။ ဘာလို့ကန့်ကွက်လဲဆိုတော့ အထဲမှာက တောင်ယာ လယ်တွေရှိတယ်။ ရွာနဲ့လည်း အရမ်းနီးသွားတယ်။ ပြီးရင် ဒီနေရာက ဒေသခံတွေအတွက် လုပ်ကိုင်စားသောက်တဲ့ နေရာလည်း အဆင်ပြေတယ်။ အဲ့ကြောင့် ကန့်ကွက်နေတာ”ဟု ပြောဆိုသည်။
ဖုန်အိန်ယာန် ဒေသခံ အိမ်ထောင်စု ၂၄ စု ကိုယ်စားပြုပြီး လွန်ခဲ့သည့် အောက်တိုဘာလတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံကာ ရွှေတူးဖော်မှုကို ခွင့်မပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉၊ ၃၀ ရက်နေ့ နှစ်ရက်တိတိ ဖုန်အိန်ယာန်ကျေးရွာတွင် ဒေသခံပြည်သူများနှင့်အတူ KIO တာဝန်ရှိသူများ ရွှေတူးဖော်မည့် ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။
KIO အနေဖြင့် လုပ်ငန်းရှင်များထံမှ အခွန်ငွေ ရယူလိုက်ပြီဖြစ်သည့်အတွက် လက်ရှိ ရွာနယ်နမိတ်သတ်မှတ်ထားသည့်နေရာတွင် မဖြစ်မနေ ရွှေတူးဖော်ရန် အထက်အမိန့်ရှိကြောင်း နှစ်ရက်သာတွေ့ဆုံမှုတွင် တာဝန်ရှိသူများ ပြောဆိုခဲ့သည်ဟု ဒေသခံများ ပြောသည်။
ထိုရွှေတူးဖော်မည့်နေရာတွင် ပြီးခဲ့သော ၂ ပတ်ကျော်ခန့်မှစတင်ကာ လုပ်ငန်းရှင် ၂ ဦး၏ ဘက်ဟိုးများဝင်ရောက်လာသော်လည်း ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရွှေတူးဖော်မှုကို ယာယီရပ်နားထားသည်ဟု သိရသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လုပ်ငန်းရှင်များ ရွှေတူးရန် ပြန်လည်ကြိုးစားလာချိန် ဒေသခံပြည်သူများနှင့် KIO တာဝန်ရှိသူတို့ အငြင်းပွားမှုများ ရှိခဲ့ကြသည်ဟုလည်း သိရသည်။
ရွှေတူးဖော်မည့် စီမံကိန်းကို လုပ်ငန်းရှင်များနှင့် KIO တာဝန်ရှိသူတို့ကြား သဘောတူညီမှုအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ဒေသခံများထံ တစ်စုံတစ်ရာ အသိပေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဒေသခံများကန့်ကွက်နေသော နေရာတွင် ရွှေတူးဖော်လိုက်ပါက ရေရှည်တွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာကာ ဒေသခံများ၏ သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လာနိုင်လာသည်ဟု သတင်းအရင်းအမြစ်က KNG ကို ဆက်လက် ပြောဆိုသည်။
“ရှိသမျှနေရာတွေမှာ အကုန် ရွှေတူးဖော်လိုက်တော့ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်း ဒီထက်ပိုဆိုးလာတော့မယ်။ တစ်ဖက်ကမ်းမှာရှိတဲ့ ဖုန်အိန်ချောင်ဆိုရင် တစ်ရွာလုံးက သောက်သုံးနေတဲ့ ချောင်းဟုတ်တယ်။ အခုဆိုဘယ်ဖြစ်နေလဲဆိုတော့ အရင်က မိုးတွင်းမှာကြီးတဲ့ ချောင်းတွေတောင် အကုန်ခန်းကုန်ပြီ။ ချောင်းရေတွေကလည်း ရွှံ့နွံတွေဖြစ်ဖြစ်ကုန်ပြီ။ နောက်ဆို သောက်သုံးရေ ခက်လာဖို့ပဲရှိတယ်”ဟု ပြောဆိုသည်။
ဆွမ်ပရာဘွမ့်မြို့နယ်တွင် ၂၀၀၉ ခုနှစ်ခန့်မှစတင်ကာ ရွှေတူးဖော်သည့် လုပ်ငန်းများ ရှိလာခဲ့ပြီးနောက် ဖုန်အိန်ယာန်ကျေးရွာအပါအဝင် ဖုန်ကျန်း၊ ခဂရန်း၊ ဒရူခနှင့် လိုင်လုန် စသည့်နေရာများတွင် လက်ရှိ ၂၀၂၂ ခုနှစ်အထိ တဖြည်းတဖြည်း ချဲ့ထွင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဆွမ်ပရာဘွမ့်မြို့နယ်တွင် ယခင်ရွှေတူးဖော်မှု မရှိသေးသည့် နေရာဒေသများတွင် တရားမဝင် ရွှေတူးဖော်မှုများ ပွင့်လင်းမြင်သာစွာ ပိုမိုလုပ်ဆောင်လာသည်ကို မြင်တွေ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောဆိုသည်။
“အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ မြင်တွေ့လာရတာက အများကြီးပဲ အရင်က တစ်ခါမှ ရွှေမတူးရသေးတဲ့ နေရာများမှာ ပိုပြီး လုပ်ကိုင်လာကြတယ်။ အရင်က သမိုင်းဝင်ရှိခဲ့တဲ့နေရာတွေအထိ မကျန်ရောက်လာတယ်။ တယာန်ဇွပ်အောက်တွေ၊ ဒရူခ နေရာတွေမှာ အခုသွား အခုပေါ်တင် မြင်တွေ့ရတဲ့ အခြေအနေရောက်သွားပြီ။ ဒေသခံတွေကလည်း ဘာမှပြောပိုင်ခွင့် မရှိတော့ဘူး။ ဘယ်သူက ခွင့်ပြုထားလဲဆိုတာလဲမသိရဘူး။ ဘယ်လောက်ပဲ ကန့်ကွက်စာတွေ တင်တင်ထိရောက်မှုလည်း မရှိတော့ဘူး” ဟု ပြောဆိုသည်။
ဒေသခံပြည်သူများပိုင်ဆိုင်သည့် မြေနေရာများပေါ်တွင် စက်ယန္တရားကြီးများဝင်ရောက်လာကာ ရွှေတူးဖော်နေကြသော်လည်း ဒေသခံများမှာ တိုင်ကြားမည့်နေရာမရှိဘဲ အားကိုးရာမဲ့ ဖြစ်နေသည်ဟု ဆိုသည်။