သတင်း

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင် ယမန်နေ့ည နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၇ ဦး သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်ည ၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာ ကလေး ၆ ဦး နှင့် သက်ကြီးရွယ်အို တစ်ဦး စုစုပေါင်း ၇ ဦး အသက်သေဆုံးခဲ့ရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

ဝါယာရှော့ခ်ဖြစ်ပြီး အိမ်အောက်ကနေ မီးစလောင်လာတာ။ အမေဖြစ်သူက အညော်နံ့ရတော့ အောက်ဆင်းသွားပြီး သွားငြိမ်းသတ်ကြည့်တာ မရတော့ဘူး။ အိမ်အောက်မှာ ဓါတ်ဆီနဲ့ ဒီဇယ် ၂ ဂါလန်က ရှိနေတော့ အဲ့ဒီကနေ ပြန်လောင်ပြီး ပိုးဆိုးသွားတော့ သူလည်းအပေါ် တက်မရ၊ အပေါ်ကလူတွေလည်း ဆင်းမရ၊ အခုက အဘွားဖြစ်သူနဲ့ အတူ မောင်နှမ အားလုံးပါသွားတာပေါ့။ဟု ပြောသည်။

သေဆုံးသွားသည့် မိသားစုဝင်များသည် ဒေါ်အင်ဂန်းခါး (အသက် ၇၀ နှစ်) ၊ မရန်ဂျာဆိုင်းနန် (အသက် ၁၁ နှစ်) ၊ မရန်ဘောက်ဂျာ(အသက် ၉ နှစ်) ၊ မရန်ရွယ်ဆိုင်း (အသက်၇ နှစ်)၊ မရန်ထုရှန်(အသက် ၆ နှစ်)၊ မရန်မွန်းအောင် ( အသက် ၄ နှစ်) ၊ မရန်ရိန်ကျိန် ( အသက် ၂ နှစ်) စုစုပေါင်း ၇ ဦး ဖြစ်သည်။

မီးလောင်ခဲ့သော နေအိမ်မှာ အင်းဂန်းရွာထိပ်မှ ဦးမရန်ဇော်လိုင်၏ နေအိမ်ဖြစ်ပြီး ဖခင်ဖြစ်သူ လယ်ယာခင်း၌ အလုပ်ဝင်နေချိန် အိမ်တွင် အဘွားဖြစ်သူနှင့်အတူ သားအမိများရှိနေစဉ် ထိုသို့ကြုံရပြီး  မိခင်ဖြစ်သူသာ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။

နေအိမ်နှင့်အတူ မိသားစုဝင်များ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် ကူညီမှုများလိုအပ်နေကြောင်းလည်း ကျေးရွာတာဝန်ရှိသူများက တောင်းဆိုထားပါသည်။

Show More

Related Articles

Back to top button