တိုက်ပွဲသတင်း

ဟိုကပ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြားစစ်ရေးတင်းမာနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဟိုးကပ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှသိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစကာ စစ်ကောင်စီတပ်၏ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းသည် မြစ်ကြီးနားမြို့မှ ဟိုကပ်၊ရေကြည်၊ သာပတောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် မတ်လ ၁ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယနေ့အချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

မြစ်ကြီးနားကနေ ဆင်းလာတဲ့ စစ်ကြောင်းနဲ့ ဆင်ဘိုကနေတက်လာတဲ့ စစ်ကြောင်းက မဇွပ်ယန်ရွာကနေတစ်ဆင့် လှဆိုင်းရွာဘက်ကို စစ်ကြောင်းထိုးလာတော့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ခုထိလည်း စစ်သားတွေကရေကြည်ရွာမှာရော ဟိုကပ်ဘက်မှာရော ဝင်နေတယ်။ ဆင်ဘိုဘက်က တက်လာတဲ့စစ်ကြောင်းက သာပတောင်းဘက်ကို ထိုးနေတယ်။ အခြေနေကတော့ ဆိုးနေတဲ့သဘောမှာရှိတယ်ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ရေကြည်၊ ဟိုကပ်၊ သာပတောင်း စသည့်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် တစ်ဖက်မှာ KIA တပ်ဘက်မှလည်း ဝင်ရောက်နေသောကြောင့် စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံတစ်ချို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ခုတစ်ချို့ဆို တိုက်ပွဲဖြစ်မှာစိုးလို့ မြို့ဘက်ပြေးသွားတဲ့သူတွေရှိတယ်။ ကျနော်တို့ပြည်သူတွေကတော့ ကြားမှာ နေရခက်တယ် တိုက်ပွဲဖြစ်မှာကိုလည်း ကြောက်တယ်ဟုဒေသခံတစ်ဦးကပြောသည်။

ဟိုကပ်၊ သာပတောင်း၊ ရေကြည် ကျေးရွာများသည် မြစ်ကြီးနားမြို့အထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်တည်ရှိပြီး ပြီးခဲ့သည့် ၂၀၁၁ စစ်တပ်နဲ့ KIA တို့ နှစ်ဖက်တိုက်ပွဲကြောင့် အဆိုပါဒေသမှပြည်သူများသည် မြစ်ကြီးနားမြို့သို့ ဆယ်စုနှစ်တစ်စု စစ်ဘေးတိမ်းရှောင်ခဲ့ရကြသည်။

ထို့နောက် ၂၀၂၁ ခုနှစ် NLD အစိုးရလက်ထက် စစ်ရှောင်ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သည်။

သို့သော် မတ်လ ၁ ရက်နေ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေသောကြောင့် ဒေသခံအချို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်

Show More

Related Articles

Back to top button