သတင်းသတင်းဆောင်းပါး

PDF ရဲဘော်တို့ရဲ့ ထောက်ပို့ မိခင် ဒေါ်အေးအေး

ကျမက တကယ်တမ်းဆို တော်လှန်ရေးထဲကို ဝင်ဖို့ စိတ်ကူးမရှိဘူး။ အခုတော့ စခန်းမှာရှိတဲ့ ကလေးတွေကလည်း ကျမကို အမေ အရာထားပြီး ဟိုကလေးကလည်းအမေ ဒီကလေးကလည်း အမေဆိုတော့ သံယောဇဥ်တွေ ငြိ တွယ်နေပြီ” လို့ ဆိုလာသူက အာဏာမသိမ်းခင် စိုက်ပျိုးရေးနဲ့ အသက်မွေးခဲ့သူ အသက် ၄၆ နှစ်အရွယ် ထီးချိုင့်မြို့နယ်က ထောက်ပို့ရဲမေ ဒေါ်အေးအေး ဆိုသူပါ။

သူမဟာ မိဘနှစ်ပါးထံမှ အမွေရတဲ့ ရွာနှင့် မဝေးလှတဲ့ ၅ ဧကအကျယ်ခြံကြီးထဲမှာ မနက်ဝေလီဝေလင်း ကစလို့ အလုပ်ရှုပ်လို့ နေပါပြီ။ အကြောင်းအရင်းမှာ အဲ့ဒီခြံကြီးထဲ သူမ စီးပွားဖြစ် မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကိုအစာကျွေး ကျန်တဲ့မြေမှာတော့ ရာသီပေါ်သီးနှံများစိုက်ပျိုးထားပြီး ပြုစုရတာကြောင့်ပါ။

ဒါပေမယ့် အဲ့ဒီဘဝလေးဟာ သူမအတွက်အေးချမ်းပြီး တစ်ဖက်မှာလည်းဝင်ငွေထွက်ငွေညီမျှကာ ငွေစုမိဆောင်းမိ ရှိခဲ့တဲ့အတွက်ကြောင့် ပျော်ရွှင်စရာဘဝလေးကို ပိုင်ဆိုင်ခဲ့ကြောင်း ဒေါ်အေး‌အေးကဆိုပါတယ်။

မွေးချင်းမောင်နှမတွေထဲ အကြီးဆုံးပီပီ သူ့အိုးသူ့အိမ်နဲ့ တစ်အိမ်စီ တစ်ဆန်စား” ဖြစ်နေတဲ့ မောင်နှမတွေကို မကြာခဏ တွေ့ဆုံစေချင်တဲ့စိတ်နဲ့ သီးနှံစိုက်ပျိုးရိတ်သိမ်းချိန်တွေမှာ သူမနေထိုင်တဲ့ခြံကြီးထဲ သူမ မိသားစု အပြင် မောင်နှမတွေကိုပါ ခေါ် အဲ့ဒီစိုက်ပျိုးခြံကြီးထဲ ပျော်ရွှင်စွာဖြတ်သန်းခဲ့”ကြောင်းသူမကဆိုပါတယ်။

ဒီအခြေအနေတွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က အခြေအနေပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အုပ်စုရဲ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်းက မိသားစုပေါင်းများစွာ၏ ဘဝအခြေအနေကို ဗြောင်းဆန်သွားစေပြီး အဲ့ဒီထဲမှာ ဒေါ်အေးအေးတို့ မိသားစုလည်း အပါအဝင်ပါ။

အဲ့ဒီအချိန်မှာ သူမမှာ အသက် ၁၅ နှစ်အရွယ် သားကြီးနှင့် အသက် ၃ နှစ်အရွယ် သားငယ်လေးတစ်ဦးရှိပြီး သူမ အမျိုးသားကတော့ အသက် ၅၀ ကျော်အရွယ် ကျောင်းဆရာတစ်ဦးပါ။

ပြင်ပ ကျောင်းဆရာဖြစ်သူ သူမအမျိုးသားဟာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ နေ့မအိပ်ညမအိပ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လာခဲ့ပြီး အာဏာသိမ်းပြီး ၄ လလောက် အကြာမှာတော့ သူမအမျိုးသာဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် ထီးချိုင့်မှာ နာမည်ကြီးလာခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂လအကြာမှာတော့ သူမ အမျိုးသား တက်ကြွလှုပ်ရှားသူအဖြစ် နာမည်ကြီးလာသည်နှင့် ထီးချိုင့်က သူမတို့ မိသားစုနေထိုင်ရာ စိုက်ပျိုးခြံကြီးကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက် စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး သူမတို့ မိသားစုလိုက် ဘေးလွှတ်ရာသို့ ထွက်‌ပြေးခဲ့ရကြောင်း သူမကဆိုသည်။

အခုလို စစ်ကောင်စီတပ်က ဝင်စီးတဲ့ အခြေအနေတွေ ဖြစ်လာတာကြောင့် သူမမိဘနဲ့ အသိုင်းအဝိုင်း က သဘောထားကွဲလွှဲမှုတွေ ရှိလာသလို သူမကိုယ်တိုင်လည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ပျက်စီးသွားမှာ ကို စိုးရိမ်ပူပန်ခဲ့တာကြောင့် သူမအမျိုးသားကို ဖြောင်းဖြခဲ့သော်လည်း သူမအမျိုးသားဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့ နောက်မဆုတ်ခဲ့ ဘူးလို့ အခုလိုပြောပြပါတယ်။

အိမ်ကိုဝင်စီးခံရတဲ့နေ့ကစလို့ ကျမမိသားစုတွေက ဒါတွေကိုလုပ်ဖို့ သဘောမတူတော့ဘူး အန္တရာယ်ဖြစ်လာမယ် ဆိုပြီး တားတာပေါ့။ ဒါပေမယ့် ကျမယောက်ကျား နောက်မဆုတ်ခဲ့ဘူး။ တော်လှန်ရေးကို ပြီးဆုံးအောင်လုပ်မယ် သူ့အသက်သေသွားရင် သေသွားပါစေဆိုပြီး ခံယူချက်တွေရှိတယ် လို့ သူမက ဆိုပါတယ်။

သူမအမျိုးသားသည် လက်ရှိမှာ အသက် ၅၀ ကျော်ရှိပြီဖြစ်ပြီး ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦး အဖြစ်တာဝန်ယူထားကာ တပ်ရင်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်လျှက်ရှိပြီး စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်ကြောင်း သိရသည်။

အမျိုးသားက တော်လှန်‌ရေးထဲ အသက်ကိုရင်းပြီး ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း အသက် ၁၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ သားကြီးက စစ်အာဏာရှင်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အချိန်မရွေးနားစွင့်ကာ ထီးချိုင့်မြို့နယ် က သတင်းပြန်ကြားရေးအဖွဲ့မှာ တာဝန်ယူဆောင်ရွက်လျှက်ရှိပါတယ်။

အခုလို အမျိုးသားရော သူမသားဖြစ်သူပါ စစ်အာဏာရှင်ကို တော်လှန်နေတာကြောင့် မိခင်တစ်ယောက်၊ ဇနီးမယားတစ်ယောက် အနေနဲ့ သူတို့နှစ်ဦးအတွက် နေ့စဥ်ရက်ဆက် ပူပန်ခဲ့ရကြောင်းကို သူမကပြောပြပါတယ်။

စိုးရိမ်စိတ်တော်တော်များခဲ့တယ် သားရောအမျိုးသားရော တော်လှန်ရေးအတွင်းမှာ တစ်ခုခုဖြစ်သွားမှာ ကြောက်တယ် စိုးရိမ်ရတဲ့အခြေနေထဲမှာလည်းပါနေတော့ တော်တော်လေးကြောက်မိတယ် စိုးလည်းစိုးရိမ် မိတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ အမျိုးသားဖြစ်သူနှင့် သားအကြီးဖြစ်သူက တော်လှန်ရေးအပေါ် အသက်ပေးဆောင်ရွက်နေတာကြောင့် သူမကိုယ်တိုင်လည်း သူ့အမျိုးသားဖြစ်သူရဲ့ ကာကွယ်ရေးတပ်စခန်းမှာ လိုက်နေထိုင်ကာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတွက် ချက်ပြုတ်ကျွေးမွေးရင်း ထောက်ပို့ ရဲမေတစ်ဦး ဖြစ်လာခဲ့တယ်လို့ ဆိုပါ တယ်။

ကျမ ခံယူချက်ကအခုဆို သေချင်သေသွားပေါ့ တော်လှန်ရေးထဲမှာတစ်ထောင့်တစ်နေရာကနေပါဝင်ချင်တဲ့ စိတ်ဖြစ်လာတယ်။ ရွာတွေကို မီးရှို့တဲ့အခုဆို ကိုယ်တိုင်တောင် ဝင်တိုက်ချင်လိုက်တယ်လို့ ဒေါ်အေးအေး က ဆိုပါ တယ်။

သူမဟာ နေ့ဓဒူဝ စစ်ကောင်စီရဲ့  ပြည်သူလူထုအပေါ်နှိပ်စက်သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ပြည်သူ့နေအိမ် တွေကိုမီးရှို့ ဖျက်ဆီးတာတွေကို ကြားရမြင်ရတွေ့ခဲ့ရတာကြောင့် စစ်အာဏာရှင်ကို တစ်နေ့တစ်ခြားမုန်းတီးတဲ့ စိတ်က တိုးလာပါတယ်။

ဒါ့အပြင် သူမနေထိုင်တဲ့ ကာကွယ်ရေးတပ်စခန်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ၂၀၂၂ ခုနှစ်မေလ၉ရက်နေ့က စစ်ကောင်စီနှင့်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကာ လောကကြီးကို စွန့်ခွာသွားတဲ့အဖြစ်ကိုလည်း ယနေ့ အထိ မေ့မရနိုင်သေးကြောင်း သူမကဝမ်းနည်းစွာပြောပြပါတယ်။

ကျမတို့နဲ့စခန်းမှာ အတူသွားအတူလာ အတူအိပ်အတူစားနေတဲ့ ကလေးလေး နှစ်ယောက်ကျသွားတာကတော့ တစ်ခါမှကို မေ့လို့မရဘူး တစ်ခါတစ်ရံသူတို့အကြောင်းတွေးမိတိုင်းမျက်ရည်ကျမိတယ်တုန်ယင်နေတဲ့ အသံဖြင့် သူမကဆိုပါတယ်။

အခုလို စခန်းတစ်ခုတည်း အတူနေရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပေါ်  ဒေါ်အေးအေးက သံယောဇဥ်ငြိတွယ် လာသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ဒေါ်အေးအေးအပေါ် အမေအရင်းတစ်ယောက်လို ခံစားရကြောင်း အသက်၂၃နှစ်အရွယ် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။

ကျမတို့အဖွဲ့အစည်း တစ်ခုခုဖြစ်လို့ ပျက်စီးသွားမယ်ဆိုရင်တောင် ဒီကအဖေအမေ မိသားစုတွေနဲ့ပဲနေ သွားတော့မယ်ဆိုပြီးကို တွေးထားတယ်။ ကျမတို့နဲ့အတူနေခဲ့သင်တန်းတက်ခဲ့တဲ့ သူငယ်ချင်းတွေကလည်း နေရာတစ်ခုကို ပြောင်းရအောင်ဆိုပြီး ခေါ်တယ်။ ကျမကတော့ ဒီအဖွဲ့အစည်းနဲ့သာ အတူမဟုတ်ရင် အဖေတို့အမေတိုနဲ့သာမဟုတ်ရင် တော်လှန်ရေး မလုပ်ရလည်း နေပါလိမ့်စေ အဖေတို့အမေတို့နဲ့ပဲနေသွားမယ် ဟု ဆုံးဖြတ်ထားကြောင်း ဒေါ်အေးအေးအမျိုးသား၏ ကာကွယ်ရေးတပ်စခန်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည့် အမျိုးသမီးတစ်ဦးက ဒေါ်အေးအေးတို့ မိသားစုအပေါ်ထားသည့် သံယောဇဥ်ကို ပြောပြပါတယ်။

အခုလို စစ်အာဏာရှင်စနစ် ပျက်သုန်းသွားဖို့ အမျိုးသားဖြစ်သူက လက်နက်ကိုင် အသက်ကိုရင်းထားသလို သားဖြစ်သူကလည်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းဝင်လာတိုင်း ပြည်သူတွေ အချိန်မှီတိမ်းရှောင် နိုင်ဖို့၊ စစ်ကောင်စီ၏လုပ်ရပ်များကို နိုင်ငံတကာကသိဖို့အတွက် သတင်းပြန်ကြားရေးမှာ အချိန်ရောအသက်ပါ ပေးဆပ်ထားပြီး သူမကိုယ်တိုင်က ထောက်ပို့ ရဲမေအဖြစ် အင်တိုက်အားတိုက် မိသားစုတစ်စုလုံး တော်လှန်ရေး မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေကြပါတယ်။

အခုဆို သူမတို့မိသားစုလိုက် စစ်အာဏာရှင်စနစ်ကို ကျရာနေရာကနေတိုက်ထုတ်နေတာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ တစ်ခါတစ်ရံ သူမတို့ အေးချမ်းစွာနေထိုင်ခဲ့တဲ့ ခြံကြီးကို တမ်းတမိသလို အခုအချိန်မှာ သူမ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့

တော်လှန်ရေး မြန်မြန်ပြီးဆုံးပြီး မိသားစု စုံစုံလင်လင်နဲ့ စိုက်ပျိုးခင်းထဲ စိုက်ပျိုးလုပ်ကိုင်ရင်း နေချင်မိတာက ကျမရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ” လို့ သူမကဆိုပါတယ်။

Show More

Related Articles

Back to top button