သတင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား လိုင်ဇာမြို့ စစ်ရှောင်စခန်းတွင် ပြုလုပ်

မတ်လ ၈ ရက် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

‘သာတူညီမျှရရှိဖို့ လက်တွဲခိုင်မြဲကြပါစို့’ ဟူသော ခေါင်းစဉ်ဖြင့် Htoi Gender and Development foundation မှ ဦးဆောင်ကာ လိုင်ဇာမြို့ Woichyai စစ်ရှောင်စခန်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ၂၀၂၃ ရဲ့ ခေါင်းစဉ်က သာတူညီမျှရရှိဖို့ လက်တွဲခိုင်မြဲကြပါစို့ ဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်၊ သာတူညီမျှ ဆိုတဲ့ ဒီဟာက ယောကျာ်းနဲ့ မိန်းမ မတူဘူးဆိုတဲ့ ကွာခြားချက်ရှိနေတယ်၊ မိန်းမတွေက ပိုပြီးတော့ သားဖွားတဲ့အချိန်၊ အစားအသောက်နဲ့ ပက်သက်ရင်လည်း ယောကျာ်းတွေနဲ့ မတူတဲ့ ခွန်အားတွေ၊ ကျန်းမာရေးနဲ့ ပက်သက်တာတွေ၊ ဝတ်စားဆင်ယင်တဲ့ နေရာမှာတွေ၊ တစ်လတစ်ခါ ရာသီလာတာတွေက အစ မတူညီတဲ့ အရာတွေ ရှိတယ်၊ အဲ့လိုတွေကြောင့် မတူညီတဲ့ ကွာခြားချက်တွေကို တန်းတူညီမျှအောင် လုပ်ပေးရမယ် လို့ပြောချင်တယ်” ဟု Htoi Gender and Development foundation မှ ဒါရိုက်တာ ဒေါ်နန်ပူ က KNG ကို ပြောသည်။

အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရှိရန်အတွက် အမျိုးသမီးများသာမက အမျိုးသားများ နှင့် ပြည်သူလူထုအကုန်လုံး ပူပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ညှင်းပမ်းနှိပ်စက်မှု အများအပြားတွေ့နေရပြီး ယခုကဲ့သို့ နိုင်ငံရေးမကောင်းသည့် အချိန်တွင် ဒုက္ခမျိုးစုံ ပိုမိုခံစားနေရသည်မှာလည်း အမျိုးသမီးများသာ ဖြစ်ကြောင်း ပြောဆိုသည်။

အခမ်းအနားတွင် လိုင်ဇာမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ CDM များနှင့် KIO ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ စစ်ရှောင်များ ပါဝင်ခဲ့သည်ဟု သိရသည်။

ယခုနှစ် ဝယ်ကျိုင် စစ်ရှောင်စခန်း၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် သတ်မှတ်ထာသည်ထက် ကျော်လွန်ကာ လူဦးရေ ၇၀၀ ကျော်ပါဝင်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button