သတင်းဆောင်းပါး

လုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ

“လုံတော့ မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှ မလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေခံစားနေရတာပေါ့ မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့”

ဒါကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသ ရှရော်ခ (Sharaw Hka) ကျေးရွာမှာနေတဲ့ ကျောက်တူး သမားလေးတစ်ယောက်ရဲ့ ပြောစကားဖြစ်ပါတယ်။ သူ့ရဲ့အမည်နာမကို လုံခြုံရေးကြောင့်ဆိုပြီး KNG မှာ မဖော်ပြပေးဖို့ တောင်းဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင်က ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာဖားကန့်ဆိုတာ လူဦးရေထူထပ်ပြီး လောပန်းလောင်းတွေ၊ ကျောက်စိမ်းသူဌေးတွေ၊ ကျောက်တူးသမားတွေနဲ့ အနယ်နယ်အရပ်ရပ်က ဌာနေတိုင်းရင်းသားတွေစုပုံပြီး ကချင်ပြည်နယ်ထဲက ပျော်ရွင်စရာ အကောင်းဆုံး ဖားကန့်ဖြစ်နေခဲ့ပါ တယ်။

သို့ပေမယ့် စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာတော့ ဖားကန့်ဆိုတာ ကြားလိုက်တာနဲ့ ငရဲခန်း အလားကြောက်နေကြရပါတယ်။ အကြောင်းအရင်းကတော့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေ ပိုများလာနေပြီး အဖမ်းခံရရင် ပြန်လွတ်လာမယ့်လမ်းက ခပ်ဝေးဝေးဆိုသလို ညင်းပမ်းနှိမ့်စက်ခံရမှုတွေကလည်း ငရဲခန်းအလား ရက်စက်ကြမ်းကြုတ်တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ နှုတ်ဖျားမှာ တတွက်တွက်ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

ဖားကန့်ဒေဟာ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်ဖို့ကြိုးစားနေသလို တစ်ဖက်မှာလည်း KIA နဲ့ PDF ရဲ့ စိုးမိုးလာမှုက တစ်စ တစ်စအင်အားကြီးလို့ လာနေပါတယ်။ ဖားကန့်ဒေသမှာ KIA နဲ့ PDF တွေရဲ့ မိုးစိုးမှု အင်အားတဖြေးဖြေး ကောင်းမွန်လာတာနဲ့အမျှ စစ်ကောင်စီတပ်တွေကလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာနေပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေအထိပါ ရှိလာနေပါတယ်။

”စစ်ကောင်စီက အခုနောက်ပိုင်းအရပ်သားပြည်သူတွေကို ဘာလို့အစုလိုက် အပြုံလိုက် ဖမ်းဆီးလာနေသလဲဆိုတော့ ဒါကတော့ဒီလိုပေါ့ ဘောလုံးအသင်းတစ်သင်းမှာဆိုရင်နောက်တန်းကို ဖြုတ်နေပြီလို့ သုံးသပ်လို့ရတယ်။ နောက်တန်းဆိုတာက ဒီတော်လှန်ရေးကို ပံ့ပိုးကြတဲ့လူတွေ နောက် ကြားခံပြီးမှ ထောက်ပို့နေကြတဲ့လူတွေ အဖွဲ့တွေ ဒါတွေကိုပစ်မှတ်ထားပြီးမှ တိုက်ခိုက်လာနေတယ် ဆိုတာတွေ့ရတယ်။” လို့ လက်ရှိဖားကန့်မှာ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေ လုပ်နေတာနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုထားတာပါ။

စစ်ကောင်စီတပ်က ဖားကန့်ဒေသမှာ အစုလိုက် အပြုံလိုက်ဖမ်းဆီးလာမှုကို ၂၀၂၃ ခုနှစ်ထဲမှာ ပိုမိုလုပ်ဆောင်လာနေပြီး ၂၀၂၃ ခုနှစ်မတိုင်မှီကလည်း အရပ်သားပြည်သူဖမ်းဆီးခံရမှုတွေမကြာခန ရှိခဲ့ပေမယ့်  ယခုနှစ်ထဲမှာ ခပ်စိတ်စိတ်ဖြစ်လို့ လာနေပါတယ်။

အရပ်သားပြည်သူအများဆုံးဖမ်းဆီးခံရမှုဖြစ်စဥ်ကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စဗျစ်ခူး ရွာသား ၆၀ ကျော်ဖမ်းခံရမှု၊ မတ်လ ၆ ရက်နေ့က လုံးခင်းကျေးရွာထဲ လူငယ် ၃၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်နဲ့ မတ်လ ၁ ရက်နေ့က ရှာရော်ခါးကျေးရွာနေ ပြည်သူ ၂၀၀ ကျော်ဖမ်းခံခဲ့ရတဲ့ဖြစ်စဥ်တွေဟာ စစ်အာဏာသိမ်းကာလအတွင်း ဖားကန့်ဒေသမှာ အများဆုံးဖမ်းခံရတဲ့ဖြစ်စဥ်တွေဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနောက်ပိုင်း ဖားကန့်ဒေသခံပြည်သူတွေဟာ အရင်ကထက်ပိုပြီး သတိထားနေထိုင်ကြရပြီး အကြောင်းတရားနဲ့ လုံခြုံမှုကင်းမဲ့တဲ့ခံစားချက်မျိုးကလည်း ပိုပြီးသန္ဓေတည်လာနေတယ်လို့ ရှရော်ခ ကျေးရွာမှာနေတဲ့ ကျောက်တူးသမားလေး တစ်ယောက်က KNG ကို အခုလိုပဲ ရင်ဖွင့်ပြောဆိုလာပါတယ်။

”ကျနော်တို့ရှရော်ခ ကို ဝင်ဖမ်းတုန်းကတော့ သေနတ်တွေဘာတွေ ဖောက်ပြီးဝင်တယ်။ တချို့ဆို ဆိုင်ကယ်နဲ့လည့်ပြီး အရပ်ဝတ်တွေနဲ့ သေနတ်တွေဖောက်တာ ဖမ်းဆီးခံရတော့ကြောက်ကြတာပေါ့ သုံးလေးရက်လောက်ကြာတဲ့ထိစစ်သား တွေကရွာနားမှာပဲ ပတ်နေတာ တချို့ဆိုပြန်လွတ်လာပြီး ဒီမှာမနေရဲတော့ဘူးအောက်ပိုင်းတွေဘာတွေဆင်းသွားကြတာ။ တချို့တွေကတော့ ရှောင်ကြတာပေါ့။ ကျနော်တို့ဆိုလည်းဒီမှာနေသာနေတာ လုံတော့မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များ ကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှမလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေ ခံစားနေရတာပေါ့” ဟု ကျောက်တူးသမားလေးက ပြောပါတယ်။

“မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့။ အဖွဲ့လိုက်သွား လာတဲ့အခါဆိုသတိထားသွားလာနေရတယ် လုပ်စားကိုင်စားကခက်ပါတယ်ဆို သူတို့ကိုကြောက်နေရ သတိထားနေရတော့ပိုဆိုးတာပေါ့” လို့၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ဖားကန့်ဒေသခံတွေကို ဖမ်းဆီးရာမှာတော့ နေ့ခင်းဘက်တွေမှာထက် ညဘက်တွေမှာပိုမိုဖမ်းဆီးလျက်ရှိနေပြီး ည သန်ခေါင်ယံ၊ ညဦးယံအချိန်တွေမှာလည်း ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတာကြောင့် အရပ်သားပြည်သူတွေရဲ့ နေ့စဥ်နေထိုင်မှုဘဝဟာ လုံခြုံမှုပိုမိုကင်းမဲ့ လာနေတာဖြစ်ပါတယ်။

”သူတို့ကတော့ နေ့မှမဟုတ်ဘူးညဆိုလည်း အချိန်မတော် ၁နာရီ  ၂ နာရီ ၃နာရီအချိန်ဆိုလည်း အိမ်ထဲကိုဝင်ပြီးတော့ ဖမ်းတာတွေရှိတယ် ဝင်တယ်ဆိုတာတောင်သော့ဖြတ်ပြီးမှ ဝင်တာတွေ ရှိတယ်ခပ်ကြမ်းကြမ်းဝင်ရောက်ပြီးမှ အကြမ်းဖက်ပြီးမှဖမ်းတာတွေရှိတယ်။ ကျနော်တို့ဒေသခံတွေကတော့ ဒီလိုအခြေအနေတွေပေါ်မှာ အလွန်ပဲ စိုးရိမ်ကြောက်လန့် နေကြရတာပေါ့။ လောလောဆယ်ပြည်သူတွေကတော့ စကစ (စစ်ကောင်စီ)ရဲ့ လက်ခုပ်ထဲက ရေလိုပေါ့ သွန်ချင်သွန်မှောက်ချင်မှောက် လိုမျိုးဖြစ်နေတော့ ခံစားချက်တွေကတော့ ပြောစရာစကားတောင်မရှိတော့ဘူး။ တချို့ဆိုရင် ကိုယ့်အိမ်နဲ့ကိုယ်တောင် မနေရဲတော့လို့ ဟိုရွေ့ဒီရွေ့နဲ့ ရွေ့လျားနေရတဲ့မိသားတွေလည်းအများကြီးပါပဲ” လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အရပ်သားတွေ ကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးလာနေတာဟာ အကြောင်းပြချက်ခိုင်လုံမှုမရှိပဲ ဝင်ရောက်ဖမ်းဆီးတာတွေဖြစ်နေတယ်လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောဆိုပါတယ်။

”အကြောင်းပြချက်မပေးဘူးဗျသူတို့က အကြောင်းပြချက်မပေးဘူးဆိုသူတို့က ဥပဒေမဲ့ လုပ်နေတာကို သံသယနဲ့တောင်မှ လမ်းပေါ်က လူ ဟိုတစ်ခေါက်က သောင်းချိုမှာဆိုရင်လည်း ဆိုင်ကယ်ရပ်မပေးလို့ ပစ်သတ်လိုက်တဲ့ဖြစ်စဥ်မျိုးဆိုတာ တနိုင်ငံလုံးအတိုင်းအတာမှာလည်းသူ တို့လုပ်ချင်သလိုလုပ်နေတာပဲလေ။ ဒါဥပဒေမဲ့လုပ်နေတဲ့အခါကျတော့ အကြောင်းပြချက်ဆိုတာ ဒါမမျော်လင့်တော့ပါဘူး မသင်္ကာရင် မသင်္ကာသလို သူတို့တွေက လုပ်နေတာကို ဝင်ရောက်ဖမ်းဆီးမှုတွေမှာတော့ အကြောင့်ပြချက်က မရှိပါဘူး” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီက ဖားကန့်မြို့နယ်မှာ  အရပ်သားတွေကိုအစုလိုက်အပြံလိုက်ဖမ်းဆီးတာတွေ အကြမ်းဖက်မှုလုပ်ရပ်တွေကို ကချင်ပြည်နယ်ထဲက မြို့နယ်တွေအနက် ဖားကန့်မြို့နယ်မှာပိုပြီး လုပ်ဆောင်နေတာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက ဖုန်းအင်တာနက်တွေဖြတ်တောက်ပြီး သတင်းအမှောင်ချခဲ့တာလည်း အခုလိုလုပ်ရပ်တွေလုပ်ဆောင်ဖို့ ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။

ဖားကန့်ဒေသမှာ အရပ်သားပြည်သူတွေ ပိုပိုဖိနှိမ့်ခံရတာတွေ အဖမ်းဆီးခံလာရတာတွေကြောင့် ဒေသခံပြည်သူအချို့ကလည်း ဒီနွေဦးတော်လှန်ရေးကြီးကို အမြန်ဆုံးပြီးမြောက်စေချင်တဲ့ ဆန္ဒတွေနဲ့အတူ အပြစ်တင်လာတဲ့အသံတွေကိုလည်း စတင်ကြားလာရပါတော့တယ်။

”ဒေသခံတွေကတော့ ဒီလိုအခြေအနေတွေကို ကိုယ်တိုင်လည်းကြုံတွေ့နေရတာပေါ့ ရွာတွေထဲထိ ဝင်စီးခံရတာတွေ ကြုံတွေ့နေရတော့ အလွန်ပဲကြောက်ရွံ့ပြီးတော့ထိတ်လန့်နေရတဲ့ အခြေအနေတွေလည်းရှိလာတော့ အားမလိုအားမရ တဲ့ အခြေအနေတွေလည်းရှိတယ်။ တော်လှန်ရေးဟာ ဘယ်လိုမျိုးလဲ စကစ (စစ်ကောင်စီ)က ဒီလောက်ထိညင်းပမ်းနှိပ်စက် အနိုင်ကျင့်နေတာတောင်မှ တော်လှန်ရေးဟာဒီလိုပုံစံအတိုင်းပဲသွား တော့မလားဆိုပြီးတော့ မျော်လင့်ချက်တွေမဲ့လာတာပေါ့ အားကိုးနေရတဲ့လူတွေလည်းရှိတာပေါ့” လို့ အထက်က ရှရော်ခ ဒေသခံတစ်ဦးကပြောဆိုထားတာဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု ၅၀ ရာခိုင်နှုန်းခန့်ရှိသလို KIA ၊ PDF တို့ရဲ့ ထိန်းချုပ်မှုကလည်း ၅၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့်စစ်ကောင်စီဟာဟာ KIA ၊ PDF တွေရဲ့မြို့၊ရွာတွေအပေါ် ကြီးမားလာတဲ့စိုးမိုးမှုကိုထိန်းချုပ်ချင်တာတောင် KIA ၊ PDF တွေရဲ့နောက်တန်းလို့ယူဆထားကြတဲ့ အရပ်သားပြည်သူတွေကိုမတရားစွပ်စွဲ ပြီး ဖမ်းဆီးမှုတွေတစ်နေ့တစ်နေ့ ဆိုးဝါးလာနေတာဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်ဒေသခံပြည်သူတွေကတော့ ဖားကန့်ကဒေသခံ တွေနဲ့အတူ တနိုင်ငံလုံးလက်ရှိ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေလျော့နည်းသွားအောင် NUG အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့နဲ့တော်လှန်ရေးအရွေ့တစ်ခုရအောင် NUG အစိုးရတာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွေ့ကျကျဆောင်ရွက်ပေးဖို့နဲ့ ပြည်သူတွေလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့မျော်လင့်နေကြတယ်လို့ ပြောနေကြပါတယ်။

Show More

Related Articles

Back to top button