သတင်း

ငွေပျော်စံပြကျေးရွာ နေအိမ် ၂ လုံးမီးလောင်ကာ သက်ကြီးရွယ်အိုတစ်ဦး မီးလောင်ဒဏ်ရာရ

မြစ်ကြီးနား ငွေပျော်စံပြ စစ်ရှောင်ကျေးရွာတွင် ယမန်နေ့ညက နေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားပြီး အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ကျောကုန်းတစ်ခြမ်း မီးလောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီအချိန်တွင် သက်ကြီးရွယ်အို ၂ ဦးသာ နေထိုင်နေသည့် နေအိမ်တွင် မီးဖိုမှတစ်ဆင့် မီးလောင်ခဲ့ရာ ဘေးအိမ်အထိ ကူးစက်ခဲ့သဖြင့် နေအိမ် ၂ လုံး မီးလောင်သွားသည်ဟု ငွေပျော်စံပြကျေးရွာ စစ်ရှောင်ရွာခံတစ်ဦးက KNG သတင်းဌာန ကိုပြောသည်။

“အဲ့ဒီအိမ်က အဘိုး နဲ့ အဘွား ၂ ဦးထဲနေတာ။ မီလောင်လာတော့ အဘွားက အပြင်က ငှက်ပျောပင်အောက်မှာ ငုပ်သုပ်သွားပြေးထိုင်လိုက်တာတဲ့။ အဘိုးက အထဲမှာ မီးငြိမ်းသတ်ဖို့ ကြိုးစားနေရင်း ကျောကုန်းတစ်ခြမ်း မီးလောင်ဒဏ်ရာရသွားတယ်။ လူတွေ အမှီသွားဆွဲခေါ်လာလို့သာ ဟုတ်တော့တယ်။” ဟု ပြောသည်။

နေအိမ်တွင် မီးကူးစက်မြန်သည့် ထင်းများကို အများအပြားအသုံးပြုခြင်းကြောင့် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ မီးဘေးသင့် နေအိမ် ၂ လုံးမှ မိသားစုဝင်များကို နီးစပ်ရာအိမ်များတွင် ခိုလှုံခွင့်ပေးထားကြောင်း သိရသည်။

စစ်ရှောင်များကို ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြကျေးရွာတွင် ယခင် ၂၀၂၂ ခုနှစ်ကလည်း နေအိမ် ၃ အိမ် ဆက်တိုက်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာရှိ ငွေပျော်စံပြကျေးရွာသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အစိုးရမှ နေရာဒေသအသီးသီးမှ စစ်ရှောင်ပြည်သူများအား ပြန်လည်နေချထားပေးသည့် ကျေးရွာတစ်ခု ပြီး လက်ရှိ အိမ်ခြေ ၅၀၀ ခန့်ရှိသည်။

Show More

Related Articles

Back to top button