သတင်း

ဖမ်းဆီးခံရသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ နာရီပိုင်းအတွင်း ပြန်လည်လွှတ်မြောက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်ဖေ သည် ဖမ်းဆီးခံရပြီးနောက် ၂ နာရီအကြာတွင် ပြန်လည်လွှတ်မြောက်လာကြောင်း ဒေသခံများမှ သိရသည်။

မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ဦးအောင်ဖေသည် နေအိမ်တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အိမ်စီးကားဖြင့် ဖမ်းဆီးသွားရာမှ ညနေ ၆ နာရီဝန်းကျင်တွင် ပြန်လည်လွှတ်မြောက်လာကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

အိမ်စီးကားနဲ့လာဖမ်းသွားတာ ၂ နာရီလောက်ကြာတော့ ပြန်လွှတ်လာတယ်။ ဘယ်အဖွဲ့က ဖမ်းတာဆိုတာတော့ ပြောလို့ အဆင်မပြေပါဘူးခင်ဗျဟုပြောသည်။

ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သည့် အဖွဲ့အစည်းနှင့် ဖမ်းဆီးရသည့်အကြောင်းရင်းကို လုံခြုံရေးအရ ပြောဆိုရန် မိသားစုနှင့် နီးစပ်သူက ငြင်းဆိုထားသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦး၊ ဖေဖော်ဝါရီ ၃ ရက်နေ့ ပေါ်ဦးစားသောက်ဆိုင်ပိုင်ရှင် ဦးပေါ်ဦး၊ မတ်လ ၂၀ ရက်နေ့ ကျောက်သွေးတောင်မှ ခန္တီးရာမကျောင်းတိုက်မှ ဂေါပကဥက္ကဋ္ဌ တို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းခေါ်သွားရာ ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးပါ။

ဖားကန့်မှာက ခုနောက်ပိုင်းဖမ်းခံရတာ ပိုများလာတယ်။ တစ်ယောက်နှစ်ယောက်လောက်ဘဲ ဖမ်းခံသွားရတာဆိုရင် အစရှာလို့ကိုမရတဲ့အခြေနေဖြစ်လာနေတယ်ဟုနောက်ထပ်‌ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာလည်း ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေသည်လည်း နေအိမ်အနီး ပစ်သတ်ခံရသည့် ဖြစ်စဉ်ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်မှလုံခြုံရေးပိုမိုတင်းကြပ်လာသည့်အပြင် KIA နှင့် PDF တပ်ဘက်မှလည်း စစ်ကောင်စီယာဉ်တန်း နှင့် တပ်စခန်းများကို တိုက်ခိုက်မှုများ မကြာခန ပြုလုပ်နေသည်။

အလားတူ စစ်တပ်ဘက်မှလည်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည်ဟု ယူဆရသော အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button