စစ်ပြေးဒုက္ခသည်များသတင်း

ကားမိုင်း ရှိ လိုင်နှောင်းခူး စစ်ရှောင်များကို ပြန်လည်နေရာချထားပေး

ကားမိုင်းမြို့ ထွယ်ဆန့်ယန် ရပ်ကွက်တွင် ၇ နှစ်ခန့်အကြာ စစ်ဘေးရှောင်နေရသော Lai Nawng Hku (မံဝယ်) စစ်ရှောင်ပြည်သူများသည် လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်တော့သဖြင့် ပြန်လည်နေရာချပေးသည့်နေရာတွင် နေထိုင်ရန် စီစဉ်ထားပြီဟု သိရသည်။

လိုင်နှောင်းခူးကျေးရွာမှ ထွက်ပြေးလာသော စစ်ရှောင်အိမ်ထောင်စု ၃၈ စုရှိသည့်အနက် ၂၆ စုသည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ဖြစ်ပြီး ၁၂ စုသည် ကတ်သလစ်အသင်းတော်မှ ဖြစ်သည်။

လက်ရှိတွင် ကတ်သလစ်အသင်းတော်မှ အိမ်ထောင်စု ၁၂ စုအတွက် နန့်ဆီးအင်ကျေးရွာတွင် နေအိမ်ဆောက်လုပ်ပြီးစီးထားပြီး လာမည့် မေလ ၂ ရက်နေ့တွင် ရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေသည့် သိက္ခာတော်ရဆရာ ဆိုင်းအောင် က KNG ကို ပြောသည်။

အခု စစ်ရှောင်တွေတိမ်းရှောင်နေတဲ့ နေရာက ၆ လခံ ဆောက်လုပ်ထားပေးတဲ့ နေရာသာဖြစ်တယ်။ အဲ့ကြောင့် နှစ်တွေလည်း တဖြေးဖြေးကြာပြီဆိုတော့ နေလို့မရတော့ဘူး ပျက်စီးသွားကုန်ပြီ။ ပြီးရင်နောက်တစ်ခုက အခုရှိနေတဲ့ နေရာက အသင်းတော်ဝင်းအတွင်းမှာဖြစ်တယ် ဆက်နေလို့ မရတော့ဘူး။ အဲ့ကြောင့် တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ အခုလို ရွှေ့ပြောင်းပေးဖို့ လုပ်ဆောင်ပေးတာဖြစ်တယ်ဟုပြောသည်။

KBC အသင်းတော်မှ အိမ်ထောင်စုများအတွက်လည်း ပြန်လည်နေရာချထားရေးအတွက် မြေဧကရရှိထားပြီး လာမည့်နှစ်တွင် ရွေ့ပြောင်းနိုင်ရန် မှန်းဆထားသည်ဟု ဆိုသည်။

“KBC တွေအတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းထားပြီးတော့ မြေဧက ၁၉ ဧက ရရှိထားပြီ ဇန်နဝါရီလောက်မှာ ခုတ်ထွင် ရှင်းလင်းပြီးခဲ့တယ်။ မတ်လမှာ မီးရှို့ရှင်းလင်းတာတွေ လုပ်ဆောင်ပြီးပြီ။ ဒီမှာတော့ သူတို့ကို နေရာတိုင်းတာမှုတွေ လုပ်ပေးထားပြီ။ အခုက လမ်းတွေရှင်းရအုံးမယ် လာမယ့်နှစ်တော့ ရွှေ့ပြောင်းနိုင်မယ်လို့ မှန်းဆထားတယ်ဟုပြောသည်။

လက်ရှိ စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ကတ်သစ်လစ်အသင်းတော်ဝင် စစ်ရှောင်များကို ကားမိုင်းမြို့မှ ၃ မိုင်ခန့်အကွာရှိသော ကထန်ယန်အုပ်စု နန်ဆီးအင်ကျေးရွာတွင် နေရာချထားပေးပြီး ကားမိုင်း ကောင်ရာကျေးရွာ အပိုင်း()ရှိ မြေဧက ၁၉ နေရာပေါ်တွင် မြေနေရာသတ်မှတ်ထားပေးကြောင်း သိရသည်။

KBC စစ်ရှောင်များအတွက် အဆောက်အဦးများ ဆောက်လုပ်ပေးရန်အတွက် လက်ရှိတွင် လမ်းနေရာများ ခုတ်ထွင်းရှင်းလင်းရန် ဘက်ဟိုးငှားရမ်းခနှင့် စက်သုံးဆီများ ဝယ်ယူအသုံးပြုနိုင်ရန် ငွေကြေးအကူအညီများ လိုအပ်နေကြောင်း သူက ဆက်ဆိုသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် မြေနေရာများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းရယူနိုင်ခဲ့ပြီး စစ်ရှောင်များနေထိုင်ရန် အဆောက်အဦးများကို ဂရုဏာဖောင်ဒေးရှင်း KMSS အဖွဲ့မှ တာဝန်ယူဆောက်လုပ်ပေးနေကြောင်း တာဝန်ရှိသူများ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအကြပ်အတည်းနှင့် မူလစွန့်ခွာထားသည့် ဒေသအတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကြား နေရပ်ပြန်ရန် လုံခြုံရေး စိုးရိမ်မှုရှိနေသောကြောင့် ယခုလို ပြန်လည်နေရာချထားသည့် နေရာတွင် ရွှေ့ပြောင်းနေထိုင်ကြရန် ဖြစ်သည်ဟု ကတ်သစ်လစ် စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးဂွမ်ဂျတ် က ယခုလိုပြောသည်။

ကျနော်တို့ ဒီမှာ နေလိုက်ရတဲ့အခက်အခဲတွေက တိုက်ပွဲဖြစ်ကတည်း တိမ်းရှောင်သွားကြတာဖြစ်တယ်။ အခုဆို စစ်ရှောင်တဲ့ အချိန်လည်း အရမ်းကြာလာပြီ။ နောက် ကိုယ့်ဒေသကို ပြန်သွားဖို့လည်း နယ်မြေမတည်ငြိမ်သေးတဲ့ အခြေအနေတွေရှိတယ်။ တစ်ဖက်မှာ ကိုယ့်မိသားစုတွေနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ လွတ်လွတ်လပ်လပ် နေချင်လာကြတယ်။ ဒီမှာပဲ ဆက်နေရင် ကလေးတွေရဲ့ ပညာရေးကအစ အခက်အခဲတွေရှိတယ်။ ဒီအချက်တွေက အဓိကပါပဲဟုပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် လက်ရှိရွှေ့ပြောင်းနေထိုင်မည့် နေရာအသစ်တွင် စစ်ရှောင်အကူအညီများ ဆက်လက် လိုအပ်နေကြောင်း နှင့် လျှပ်စစ်မီးများလည်း ရရှိအောင်ကူညီဆောင်ရွက်ပေးရန် ဆက်လက် တောင်းဆိုထားသည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် အဆိုပါ လိုင်နောင်းခူး စစ်ရှောင်ပြည်သူများသည် ကားမိုင်းမြို့ရှိ ထွယ်ဆန်ယန်ရပ်ကွက် အတွင်းရှိသော ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်း နှင့် ကတ်သစ်လစ်ဘုရားကျောင်း နေရာ ၂ ခုတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

လိုင်နှောင်းခူး ကျေးရွာသည် ကားမိုင်းမြို့မှ လိုင်နောင်းချောင်းအထက်ဘက် စက်လှေဖြင့်  ၅ နာရီဝန်းကျင်ဖြင့် သွားရသည့် ကျေးရွာတစ်ခုဖြစ်ပြီး  ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ ထိန်းချုပ်နယ်မြေ ဖြစ်သည်။

Show More

Related Articles

Back to top button