သတင်း

ရွှေကူမြို့ပတ်လည်တွင် စစ်ကောင်စီတပ် စစ်အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်လှုပ်ရှားနေ

ဗန်းမော်ခရိုင် ရွှေကူမြို့ပတ်လည်တွင် ယနေ့ နံနက် ၃ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်သည် စစ်အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ နံနက် ၃ နာရီ ဝန်းကျင်မှစကာ ဗန်းမော်ဘက်မှ စစ်ကောင်စီတပ် အင်အား ၂၀၀ ထက်မနည်း လာရောက်ပို့ဆောင်ထားပြီး မြို့ပတ်လည် တပ်ဖြန့်နေယူနေကြောင်း ရွှေကူမြို့နေ ဒေသခံတစ်ဦးကပြောသည်။

အခုက စစ်သားတွေကမြို့ကိုပတ်ပတ်လည် ဝိုင်းထားတာဘာတွေဖြစ်လာမလဲမသိဘူး။ ခုမနက် ၃နာရီ ထိုးကတည်းကနေ သူတို့ကတပ်ဖြန့်နေတာ မနက် သုံးနာရီမှာ ငပေါက်ဝဘက်ကို စစ်ကား ၂စီးနဲ့ စစ်သားတွေသွားချတယ်။ ကားကတော့ ပြန်လာတယ်ပြီးတော့ ၄ နာရီထိုးမှာ စစ်သားတွေပြန်လာတင်ပြီးမှ တခြားဘက်ကိုပြန်သွားချတယ်။ ကျွန်မတို့ကအိပ်လို့ မပျော်ဘူးလေ။ သူတို့လှုပ်ရှားမှုကိုပဲစောင့်ကြည့်နေရတာဟုပြောသည်။

ဧပြီလ ၁၂ ရက်နေ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းမှ ဆုတ်ခွာလာသည့် စစ်ကြောင်းသည် မြို့‌ပေါ် ရှိ ဘုန်းကြီးကျောင်းများတွင် တစ်ပတ်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့မှစပြီး ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်အင်အား ၁၅၀ ဝန်းကျင် စစ်ကြောင်းထိုးသွားကြောင်း သိရသည်။

ထို့နောက် အဆိုပါ စစ်ကြောင်းထွက်ခွာသွားသည့်နောက် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစပြီး ဗန်းမော်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ထပ်ဖြည့်ကာ လက်ရှိချိန်ထိ မြို့ပတ်လည်တပ်ဖြန့်ကာ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း ရေလဲ၊ မိုးစစ်ဘက်၌ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းနှင့် ရွှေကူမြို့အစွန့်ဘက် သဘော်ဆိပ်အနီး ငပေါက်ဝကျေးရွာဘက်တွင် အင်အား ၁၀၀ ကျော်နှင့် ရွှေကူမြို့အနောက်မြောက်ဘက်တွင် အင်အား ၁၀၀ နီးပါး တပ်ဖြန့်ထားကြောင်း သိရသည်။

မြို့ထဲမှာ‌နေတဲ့အဖွဲ့က ဧပြီလ ၁၈ ရက်နေ့ ပထမနေ့တုန်းက ၅၀ လောက်နဲ့ အနောက်ဘက်ခြမ်းရွာဘက် အရင်စဝင်တာ မနေ့ကတော့ အင်အားထပ်ဖြည့်တာ ၁၅၀ ကျော် ၂၀၀ လောက်ရောက်နေပြီတဲ့ မနေ့ကတော့ ကျောက်ကြီးရွာထဲဝင်တယ်။ ညပိုင်းကျောက်ကြီးကနေ တခြားရွာတွေဘက် ထွက်သွားတာဒီနေ့ ဘယ်နားရောက်ပြီလဲတော့မသိရသေးဘူး။ ရွာသားတွေက ထွက်ပြေးနေတယ်။ လောလောဆယ် မြို့ပတ်လည်မှာလည်း ထပ်ရောက်နေပြီဟု ရွှေကူ PDF မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က နေရာစုံတပ်ဖြန့်ထားမှုကြောင့် လက်ရှိရွှေကူမြို့ပတ်လည်ရှိ ကျေးရွာများမှ ရေလဲ၊ မိုးစစ်၊ ငပေါက်ဝ၊ ကျောက်ကြီးနှင့် အခြားကျေးရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရပြီး ရွှေကူမြို့ပေါ်ရှိ ဒေသခံပြည်သူအချို့လည်း စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုကြောင့် မြို့ပေါ်ရှိ လူငယ်ပိုင်းနှင့် ကလေးပိုင်းအရွယ်များကို အခြားမြို့သို့ ကြိုတင်တိမ်းရှောင်ခိုင်းထားခြင်းမျိုး ပြုလုပ်နေရကြောင်း သိရသည်။

ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်မှ ယခုကဲ့သို့ အင်အားသုံး၍ တပ်ဖြန့်စစ်ရေးလှုပ်ရှားနေခြင်းမှာ ဧပြီလဆန်းပိုင်းနှင့် မတ်လကုန်ပိုင်းက ရွှေကူရှေ့ဘက်ခြမ်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သောကြောင့် ရွှေကူမြို့ကို စစ်ရေးအရ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဒေသခံများလည်း စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၃ ရက်နေ့မှစ၍ ရွှေကူအရှေ့ခြမ်းရှိ စီသာ၊ စီသောင်၊ မံဝိန်း၊ စီမူလေး၊ စီမူကြီး၊ ဝင်ဝ စသည့်ကျေးရွာများဘက်တွင် စစ်ကြောင်းထိုးခဲ့သည့် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇၊ ခလရ ၈၈၊ ခလရ ၁၀ ပူးပေါင်းတပ်အင်အား ၂၀၀ နီးပါးသည် တိုက်ပွဲအတွင်း အထိနာခဲ့သောကြောင့် ဧပြီလဆန်ပိုင်းမှစ၍ ကျေးရွာများကို ၁၀ ကြိမ်ထက်မကဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်မီးရှို့ခြင်းတို့ကြောင့် ကျေးရွာ ၁၁ ရွာပျက်စီးခဲ့ရသည်။

Show More

Related Articles

Back to top button