စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦးတွင် နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်း‌ရှောင်နေရ‌ ကြောင်းသိရသည်။

စစ်အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစကာ ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက KNG ကို ပြောသည်။

အဲ့စစ်ကြောင်းက မနေ့ကတည်းက ရေဦး၊ ခင်ဦးကားလမ်းအတိုင်း ပျဥ်ထောင်ပျူရွာနဲ့အထိုင်ချစခန်းတစ်ခုကို လက်နက်ရိက္ခာ ပို့တယ်။ ပြီးတော့ ပျဥ်ထောင်ရွာကနေ ရေဦးဘက်ကို စပါးတွေသယ်တယ် အင်အား၉၀လောက် ကို လုံခြုံရေးယူပြီး ရေဦး၊ခင်ဦးလမ်းမဘေးက ရွာတွေကိုဝင်နေတာဟုပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ မြင်းဒေါင်း၊ မြကန်၊ အင်းပတ်၊ ချမ်းသာကုန်း၊ ကုန်းသာ၊ မရန်းအင်း၊ သဲကုန်းကြီး၊ အောင်သာ၊ အင်းပေါက်၊ ကျီးအိုင် စသည့်ကျေးရွာများမှ ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင်လည်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကာကွယ်ရေးတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်ရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဒီမနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ် တည်နေရာကတော့ပြောပြလို့မရပါဘူး တိုက်ပွဲအခြေနေက နှစ်ဖက်လုံးအထိအခိုက်ရှိတယ်လို့ သိရတယ်။ လောလောဆယ်တော့ငြိမ်နေပါတယ်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည်မှာ နှစ်ရက်ဆက်တိုက်ရှိလာသောကြောင့် အစားအသောက်နှင့် အရေးပေါ်အကူညီများ လိုအပ်လျှက်ရှိကြောင်း ခင်ဦးမြို့နယ် စစ်ရှောင်ကူညီသူများက ပြောသည်။

ခင်ဦးမြို့နယ်ကို လက်ရှိစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ရေဦးမြို့နယ် တိုင်းရင်းဆေးရုံတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့များဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

Show More

Related Articles

Back to top button