သတင်း

ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုမှ နေအိမ် ၃၀ ကျော် စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိသော ရေလဲနှင့် ဆင်တပ် ကျေးရွာ ၂ခုကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ကျေးရွာ ၂ ခုတွင် ပြီးခဲ့သော ဧပြီလ ၂၉ ရက်နေ့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က မေလ ၄ ရက်နေ့ ၆ နာရီဝန်းကျင်အချိန် အကြောင်းမဲ့ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ခဲ့သည်ဟု ရွှေကူမြို့နယ်အမျိုးသမီးတစ်ဦး KNG ကိုပြောသည်။

ဒီနေ့ မနက်တော့မရှို့တော့ဘူး မနေ့ညကပဲရှို့တာ ပါသွားတာကတော့ ရေလဲရွာက အိမ်ခြေ သုံးဆယ်ကျော်ပါသွားတယ်။ ဆင်တပ်ရွာထဲကတော့ ၃ အိမ်ပါသွားတယ်ဟုပြောသည်။

ရေလဲကျေးရွာအတွင်း စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်နှင့် ဆင်တပ်တွင် အင်အား ၁၀၀ ဝန်းကျင်တပ်စွဲထားပြီး ရွာသားများကို ရွာအပြင်မထွက်ခိုင်းဘဲ ကျေးရွာအတွင်းရှိသော ရွာဘုန်းကြီးကျောင်းများတွင် ပိတ်ဆို့ထားကာ ရွာသားများ၏ မျက်စိရှေ့ နေအိမ်များ မီးရှို့ဖျက်ဆီးပေးသွားသည်ဟု သူကဆက်ဆိုသည်။

ရွာသာတွေကိုအပြင်မထွက်ခိုင်းဘူး။ ထွက်ပြေးရင် အိမ်ရှို့မယ်ဘာညာခြိမ်းခြောက်ပြီး ပိတ်စို့ထားတာ ညဆိုရင်ရွာသားတွေအားလုံးဘုန်းကြီးကျောင်းထဲစုပြီးနေခိုင်းတယ်။ ညဆိုသူတို့ရှိတော့ဖုန်းလည်းဆက်သွယ်လို့မရဘူး နေ့ခင်တော့အိမ်ပြန်ခိုင်းတယ်

စစ်ကောင်စီတပ်ဖွဲ့သည် နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကြောင်း ၂ ခုဖြင့် သင်္ဘောအင်းဘက်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

ရွှေကူအနောက်ဘက်ခြမ်း ရေလဲ၊ မိုးစစ်၊ ဆင်တပ်နှင့် သင်္ဘောအင်း စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲခဲ့ပြီး စစ်ကြောင်း ၄ ခုခွဲကာ စစ်ကြောင်းထိုးနေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သော မတ်လတွင်လည်း ရွှေကူအရှေ့ဘက်ခြမ်း စီသာ၊ စီသောင်း၊ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး စသည့် ကျေးရွာ စုစုပေါင်း ၁၁ ရွာကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများရှိခဲ့သောကြောင့် လက်ရှိတွင် ဒေသခံပြည်သူ ၉၀၀၀ ကျော် မီးဘေးသင့်နေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button