သတင်း

ဖားကန့်တွင် ကချင်လူငယ် ၂ ဦးသတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ 

ဖားကန့် ရှရော်ခကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်ဟု ယူဆရသည့် လူငယ်နှစ်ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသည့် ၂ နှစ်ဦးသည် အသက် ၂၀ နှစ်အရွယ်ရှိသူ ကချင်လူငယ်များဖြစ်ကြပြီး ၎င်းတို့ ၂ ဦး၏ ကိုယ်ပေါ်တစ်ခုလုံးရိုက်နက်ဒဏ်ရာများနှင့်အတူ ဦးခေါင်းတွင်လည်း သေနတ်ဖြင့် ပစ်သတ်ထားသည့် ရုပ်အလောင်းကို  ရှရော်ခနှင့် ညောင်ပင်ကုန်းအတက်နေရာတွင် ဒေသခံများတွေ့ရှိခဲ့ကြသည်ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

နှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်းအများကြီးဗျ။ ဖမ်းခံထားရတဲ့လူငယ် ၂ယောက်ပဲ သတ်ပြီးမှလာပစ်ချထားတာလား ဒီ‌ကို ခေါ်လာပြီးလာပစ်သတ်သွားတာလား မသိဘူး။ ဒေသခံတွေက မနက်အစောကြီးတွေ့တာ သတ်ထားတဲ့နေရာက လူသွားလူလာပြတ်တဲ့ချိန် ဖားကန့် ရှရော်ခလမ်းမကြီးပေါ်မှာပစ်သတ်ထားတာဟုပြောသည်။

ရုပ်အလောင်းတွေ့ရှိသော ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သတ်ဖြတ်ခံထားရသည့် လူငယ် ၂ ဦး၏ ခန္ဓာကိုယ်နှင့် လည်ပင်းနေရာများတွင် နှိပ်စက်ရိုက်နက်ထားသည့် ဒဏ်ရာဟောင်းများစွာတွေ့ရှိရသည့်အတွက် စစ်ကောင်စီဖမ်းဆီးထားသော သူများဖြစ်နိုင်သည်ဟု ဆက်လက်ပြောဆိုသည်။

အဆိုပါ လူငယ် ၂ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာ KIA နှင့် PDF အဖွဲ့ဝင်များဖြစ်ကာ ဖားကန့် မြို့တွင်း လှုပ်ရှားနေသည့် အဖွဲ့ထဲကဖြစ်သည်ဟု KIA PDF နှင့် နီးစပ်သူမှ တဆင့်သိရသည်။

သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦး၏ အမည်နာမများကို KNG သတင်းဌာအနေဖြင့် စုံစမ်းလျက်ရှိသည်။

မေလ ၁ ရက်နေ့တွင် ကျောက်စိမ်းတောင်တံတား လမ်းထိပ်တစ်နေရာတွင် စစ်ကောင်စီဖမ်းဆီးထားသည့် လူငယ်တစ်ဦးကို ပစ်သတ်ထားပြီး ဧပြီလ ၂၄ ရက်နေ့တွင်လည်း  ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်ကာ Happy KTV ရှေ့တွင် အလောင်းလာချသွားသည့် ဖြစ်စဉ်ရှိခဲ့သည်။

Show More

Related Articles

Back to top button