သတင်း

ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား  ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဥရုချောင်းတံတားထိပ်၌ ပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု ဖားကန့် PDF နှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ကြည့်ရတာတစ်ယောက်ယောက်က ချွန်လိုက်တာနေမှာ စစ်သားတွေက တံတားထိပ်မှာ ကြိုတင်စောင့်နေတာ ပိတ်စို့ပြီးဖမ်းခံရတာ။ လေးယောက်လုံးလူငယ်တွေပဲ အတူတူလာတဲ့ချိန် ဖမ်းခံလိုက်ရတာဟုပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်လေးဦးကို စစ်တပ်က ဗျူဟာကုန်းဘက်ခေါ်ဆောင်သွားသည်ဟုသိရပြီး ဖမ်းခံရသူများ၏ နာမည်ကို KNG မှ စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်တွင် အသစ်ထပ်ပြောင်းလာသည့် တပ်မမှူးသည် ဖမ်းဆီးရမိသည့် ပြည်သူများကို ရဲလက်မအပ်ပဲ စစ်တပ်ဗျူဟာကုန်းတွင်သာထားရှိမည်ဟု အမိန့်ထုတ်ထားပြီး KIA PDF နဲ့တော်လှန်ရေးတွင် ပါဝင်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ချက်ချင်း သတ်ပစ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဟိုနေ့က လေးယောက်ပါသွားတာဟုတ်တယ်။ ဘယ်သူတွေပါသွားလဲဆိုတာစုံစမ်းနေတုန်း အခုအသစ်ပြောင်းလာတဲ့ တပ်မမူးကကြမ်းတယ်တဲ့။ သူတို့မသင်္ကာ လို့ဖြစ်ဖြစ်ဘာကြောင့်မဆို ဖမ်းထားတဲ့သူမှန်သမျှကိုရဲလက်မအပ်တော့ဘူး သူတို့ပဲကိုင်မယ်။ မိတာနဲ့သတ်ပစ်မယ်ဆိုပြီး အမိန့်ထုတ်ထားတယ်ဟု ၎င်းကပြောသည်။

ဖားကန့် စစ်ကောင်စီတပ်သည် လူငယ်လေးဦးကို PDF ဟုစွပ်စွဲနေသည့်အပြင် ပြီးခဲ့သည့် မေလ ၆ရက်နေ့က ဆိုင်းတောင်ကျေးရွာ မှော်ရှန်ရပ်ကွက်နေ ဦးမြင့်ဆွေ၏သားဖြစ်သူ ဓားထိုးသတ်ခံရပြီး ယင်းပြစ်မှုကို ကျူးလွန်ထားသူများဟုလည်း စွပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်တွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော် ဖမ်းဆီးခံရမှု၊ ၂၁ ရက်နေ့ မှော် (မဒဲန်ယန်) ရွာသား ၂၀၀ နီးပါး ဖမ်းဆီးခံရမှု၊ ၂၆ ရက်နေ့ ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးမှုနှင့် ၂၉ ရက်နေ့တွင် မလန်းယန်ရွာသား ၂၉ ဦး ဖမ်းဆီးခံရမှု တို့ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button