အာဏာသိမ်း ၂နှစ်တာ ကာလအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၁၈၈ ဦး သေဆုံး
အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၁၁၈၈ ယောက်ထိရှိလာပြီဟု BNI ၏ Myanmar Peace Monitor မှ မေလ ၁၀ ရက်နေ့ထုတ်ပြန်ချက်တွင် တွေ့ရသည်။
၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများ မိုင်းဆွဲတိုက်ခိုက်သော ရက်ပေါင်း ၃၀၅ ရက်ရှိကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်ခံရမှုတွင် စစ်ကိုင်းတိုင်းဒေသကြီး ရက်ပေါင်း ၁၃၉ ရက်ဖြင့်အများဆုံးဖြစ်ပြီး၊ မကွေးတိုင်းတွင် ၅၁ ရက် ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းတွင် ရက်ပေါင်း ၃၀ ဖြင့် တတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ကျနော်တို့ စစ်ကိုင်းတိုင်းမှာမိုင်းဆွဲတာ ဒီထက်တောင်များနိုင်တယ်။ မြေပြင်မှာက လိုင်းမမိတဲ့နေရာတွေလည်း အများကြီးရှိတော့ ခုချိန်မှာတိတိကျကျဖြစ်ဖို့က မလွယ်ဘူး။ ပြီးတော့ ပြောချင်တာက စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကလည်း မီးလောင်ပြကျနေပြီ”ဟုစစ်ကိုင်းတိုင်းဒေသကြီးမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအနက် KIO၊ KIA ဘက်မှ စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သော ရက်ပေါင်း ၁၄ ရက်ရှိကြောင်း ဖော်ပြထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် နေ့စဉ်နှင့်အမျှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွားဖြစ်ပွားနေလျှက်ရှိသည်။