သတင်း

ဖမ်းဆီးထားသည့် ရွှေဖောင်များကို ပိုက်ဆံဖြင့်ရွေးခိုင်းပြီး ပြန်လွတ်ပေး

ဗန်းမော်မြို့ မြလယ်ကျွန်းအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် တရားမဝင် ရွှေဖောင်များကို ပိုက်ဆံဖြင့် ရွေးခိုင်းပြီး ပြန်လွတ်ပေးနေကြောင်း ဒေသခံများ ပြောသည်။

စစ်ကောင်စီတပ်က မေလ ၇ ရက်နေ့မှစ၍ ဧရာဝတီမြစ် မြလယ်ကျွန်းအနီးတွင် ရွှေဖောင်အစီး ၄၀ ကျော်ဖမ်းဆီးရမိခဲ့ပြီးနောက် အများစုကို ပိုက်ဆံဖြင့် ရွေးခိုင်း၍ ပြန်လွတ်ပေးနေကြောင်း ဖြစ်စဥ်ကိုသိရှိသည့် ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

သူတို့က ဖမ်းထားတဲ့ရွှေဖောင်တွေကို မြလယ်ကျွန်းမှာ ကမ်းကပ်ထားတာ။ အစီး ၄၀ ကျော်တယ် ဖမ်းထားတာ အခု ၆ စီးပဲ ကျန်တော့တယ်။ အားလုံးပြန်ရွေးသွားကြပြီ။ ပိုက်ဆံနဲ့ရွေးပြီးလွတ်ပေးလိုက်တာ။ ကျန်တဲ့ ၆ စီးကတော့ ပြန်ရွှေးဖို့ အဆင်မပြေလို့လားတော့ မသိဘူးဟု ပြောသည်။

ဗန်းမော်မြို့တွင်းတပ်နှင့် ဗန်းမော် ၄ မိုင်တပ်မှ စစ်အင်အား ၈၀ ခန့်ပါသော ပူးပေါင်းစစ်ကြောင်းသည် မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မြလယ်ကျွန်းအနီးတဝိုက် ရွှေဖောင်များကို ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသော ရွှေဖောင်တစ်စီး၏ ကာလတန်းဖိုးမှာ ရွှေဖောင်တွင် တပ်ဆင်ထားသည့် ရွှေတူးစက် အမျိုးအစား၊ အရွယ်အစားပေါ်မူတည်၍ ကာလတန်ဖိုး‌ပေါ် မူတည်ပြီး ရွေးခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

ပိုက်ဆံကတော့ တစ်စီးနဲ့တစ်စီးရွေးခိုင်းတဲ့တန်ဖိုးကမတူဘူးတချို့ကတော့ ရွှေဖောင်သေးလေးတွေနဲ့ လုပ်တယ်။ တချို့တော့လည်း ရွှေဖောင်အကြီးစားတွေနဲ့လုပ်တယ်။ အနည်းဆုံး ၁၀ သိန်းကနေ ရွေးခိုင်းတယ်ကျနော်။ အသိတစ်ယောက်က ရွှေဖောင်အသေးပဲ ၁၀ သိန်းနဲ့ရွေးခိုင်းတယ်ဟု ပြောသည်။

ရွှေဖောင်အသေးတစ်စီးသည် ကျပ် ၁၀ သိန်းအနည်းဆုံးဖြစ်ပြီး အချို့ရွှေဖောင်များမှာ ကျပ်သိန်း ၃၀ အထက်မှ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

စစ်တပ်က ပြန်လွတ်ပေးလိုက်သည့် ရွှေဖောင်များကို လက်ရှိမြလယ်ကျွန်းအနီးတွင် ဆက်လက်တူး‌ဖော်ခြင်းမပြုလုပ်ကြရန်လည်း ပြောဆိုထားကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

စက်တွေပဲဖမ်းမိတာ လူကတော့မမိဘူးတဲ့သူ့ရွှေဖောင်သမားတွေကလည်း စစ်တပ်လာပြီဆိုတာနဲ့ ပြေးကြတာ။ တချို့က မှော်တော်ဘုတ်အသေးလေးတွေနဲ့ တချို့လည်း ခရီးသည်တင်တဲ့ စက်လှေအသေးလေးတွေနဲ့ အထက်ကိုဆန်တက်ပြီးပြေးကြတာ လူတော့မမိဘူးဟု ၎င်း ကပြောသည်။

ဗန်းမော်မြို့ ဧရာဝတီမြစ်ကြောင်း မြလယ်ကျွန်းတွင် နေရာအနှံ့မှ လုပ်ငန်းရှင်များပူးပါဝင်ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button