သေရာပါမယ့် နာကျည်းချက်များစွာနဲ့ အမေအို
“ဒီစစ်တပ်ကို သေတဲ့ထိ မမေ့ဘူး” လို့ ငိုသံနဲ့ပြောနေရှာတယ်။
အသက် ၆၀ နှစ်အရွယ် ဒေါ်တိုးဟာ သမီးလေး ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်ဆိုးကို တစ်ပိုင်းတစ်စပြောနေရင်းမှာဘဲ ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ငိုချလိုက်ပါတော့တယ်။
စကားတောင် ဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုနေတဲ့ ဒေါ်တိုးဟာ ခနအကြာမှာတော့ စီးကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး “ ဒီစစ်တပ်ကို သေတဲ့ထိ မမေ့ဘူး” လို့ ငိုသံနဲ့ပြောနေရှာတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဒေါ်တိုးတို့နေထိုင်တဲ့ ဖားကန့်မြို့ မှော်ဘုံ (Maden Yang) ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF အဖွဲ့တွေ ဝင်ရောက်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်က ရွာထဲကို သေနတ် ယမ်းသမ်းပစ်ခတ်ပြီးတော့ ဝင်ရောက်လာခဲ့ရာ ကနေ ရွာထဲက လူငယ်အပါအဝင် သက်ကြီးပိုင်း ၁၆ ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ ဒေါ်တိုးသမီး မဇင်သန္တာဖြူလည်း ပါဝင်တယ်လို့ ပြောပါတယ်။
“ဘာဘဲဖြစ်ဖြစ် ကျမကအသက်ကြီးပြီလေ သတ်ချင်သတ်ပါစေဆိုပြီး သမီးအနားကိုသွားပြီး အဖမ်းခံလိုက်တာ။ ကျမရှေ့မှာတင် ကလေးတွေကို လက်သုံးချောင်းထောင်ခိုင်းပြီး အရေးတော်ပုံအော်ခိုင်းတယ် တစ်ခါအော် တစ်ခါရိုက် စစ်ဖိနပ်နဲ့မျက်နှာတွေမှာ ကန်နေတာ ကျမ မကြည့်ရက်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီသားတွေဟာ အဲဒီနေ့က ဖမ်းဆီးထားတဲ့လူတွေအားလုံးကို မှော်ဘုံကျေးရွာရဲ့ ဘုန်းကြီးကျောင်းအဆောင်အောက်မှာ လက်ပြန်ကြိုးတုပ် ခြေထောက်နှစ်ချောင်း ကြိုးတုတ် ဒူးထောက်အနေအထားနဲ့ ထိုင်ခိုင်းပြီး တစ်ယောက်ချင်းကို ရိုက်နှက်စစ်ဆေးတာ အုပ်စုလိုက်ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မဇင်သန္တာဖြူတို့နဲ့အတူ ဖမ်းဆီးခံရာမှ ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုသိန်းဦးက သူကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြောပါတယ်။
ထိုနေ့က ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသမီးငယ် ၇ ယောက်နဲ့ အမျိုးသား ၇ယောက် ကလေးငယ် ၂ ယောက်ပါဝင်ခဲ့ပြီးတော့ အဲဒီထဲမှာမှ အမျိုးသားတစ်ဦးကိုလည်း သူတို့ရှေ့မှာတင် လည်ပင်းမှာ သွေးထွက်အောင် လှီးထားပြီးတော့ နှိပ်စက်ပြတယ်လို့ ပြောပါတယ်။
လည်လှီးခံထားရတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားရဲ့လည်ပင်းဒဏ်ရာကနေ သွေးတွေဟာ သမံတလင်းပေါ် မိုးရေစက်တွေလိုဘဲ တစ်စက်စက်ကျနေပြီး အဲဒီသွေးစက်တွေကိုလည်း လျှာနဲ့ပြန်ယက်ခိုင်းကာ နှိပ်စက်ပြတယ်လို့ ပြောပါတယ်။
ဖမ်းခံရသူအားလုံး သူတို့မေးတဲ့မေးခွန်း ငြင်းပိုင်ခွင့်မရှိဘဲ ဝန်ခံရမယ်ဆိုပြီး မေးခွန်း ၃ ခုမေးတယ်လို့ ကိုသိန်းဦးကပြောပါတယ်။
“ကျနော့နားထင်မှာ ဓါးနဲ့ထောက်ထားတာ ဟိုမှာကြည့် မေးတာမဖြေရင် အဲလိုနှိပ်စပ် စစ်ဆေးခံမလား ပြောတယ်။ ပြီးတော့ သူတို့မေးတဲ့ အချက် ၃ ချက်က PDF လား၊ ထောက်ပို့လား၊ CDM တစ်ခုဝန်ခံ ကျန်တာအပိုမပြောနဲ့” ဆိုပြီး အားလုံးကို ဝန်ခံခိုင်းခဲ့တယ်လို့ ကိုသိန်းဦးက ပြောပါတယ်။
စစ်သားတွေဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒေါ်တိုးရဲ့သမီးငယ် မဇင်သန္တာဖြူကိုလည်း မိခင်ရှေ့မှာတင် ပိုးသတ်ဆေးတွေကို အတင်းအဓ္ဓမ သောက်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။
ဒီညှဉ်းပန်းနှိပ်စက်မှု အဖြစ်အပျက်ဆိုးကြီးဟာ ဒေါ်တိုးရဲ့မျက်စိရှေ့မှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာမို့ စစ်တပ်ကိုမုန်းတဲ့ ဒေါ်တိုးရဲ့ ရင်ထဲက နာကျည်းချက်ဟာ သေရင်တောင် မေ့မှာမဟုတ်ဘူးလို့လည်း နှုတ်ကနေ ထပ်ခါထပ်ခါ ပြောနေပါတယ်။
မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သမီးကို အသက်အန္တရယ်ကြုံနေရတဲ့ချိန် ကာကွယ်ပေးချင်ခဲ့ပေမယ့် ဘယ်လိုမှကာကွယ်မပေးနိုင်ခဲ့တဲ့အတွက် ခုချိန်ထိ ရင်ထဲမှာ တစ်ဆစ်ဆစ်နာကျင်နေရတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာ ဒေသလို့လူအများသိတဲ့နေရာဟာ တကယ်တော့ အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းလိုလို အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ခံနေရတဲ့ ဒေသတစ်ခုပါ။
ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ကျီးလန့်စာ စားနေရတဲ့ဘဝနဲ့ရှင်သန်နေကြရပြီး စစ်တပ်ဘက်ကလည်း ပြည်သူတွေအကြောက်တရားနဲ့ စစ်တပ်ရဲ့လက်အောက် ပြားပြားဝပ်အနေထားရောက်အောင် ကြိုးစားနေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မှော်ဘုံကျေးရွာက ဒေသခံတွေလိုဘဲ အုပ်စုလိုက်ဖမ်းဆီးခံရတာတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် တစ်ချို့သောသူတွေဟာ ဖမ်းဆီးခံလိုက်ရပြီးနောက် အချုပ်ထောင်ပို့ခံရတာ တရားစွဲဆိုခံရတာအပြင် ဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကို မိသားစုတွေဆီ ဆက်သွယ်လာတာရှိကြပါတယ်။
သို့သော် မှော်ဘုံရွာမှာ မဇင်သန္တာဖြူနဲ့အတူဖမ်းခံလိုက်ရတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ် ၇ ယောက်နဲ့အမျိုးသား ၃ယောက်ကတော့ ဒီနေ့ထိဆက်သွယ်မှု မရသေးတဲ့အပြင် သေလားရှင်လား မသိရသေးဘူးလို့ ဒေါ်တိုးကပြောပါတယ်။
“သမီးလေး ဒီနေ့ချိန်ထိ သေလားရှင်လားမသိရဘူး သွားလည်းမစုံစမ်းရဲဘူး သူတို့ကိုမြင်ရင်ကိုက ရွံကြောက်နေတာ” လို့ ပြောရင်း ဒေါ်တိုးရဲ့ မျက်ဝန်းလေးမှာ မျက်ရည်လေး ဝဲတက်လာပါတယ်။
သမီးလေးဖမ်းဆီးခံလိုက်ရပြီးနောက်မှာတော့ ဒေါ်တိုးတစ်ယောက် နေအိမ်မှာနေထိုင်ခြင်း မပြုတော့ပဲ သမီးပြန်အလာစောင့်ရင်း တောတွင်းတစ်နေရာမှာ တော်လှန်ရေး ရဲဘော်တွေရဲ့အဝတ်တွေ ချုပ်ပေးနေတဲ့ အလှဖန်တီးရှင်ဖြစ်လို့နေပါတယ်။
ဒီလိုနဲ့ ဝါးထရံကျဲတိုးကျဲတဲကားထားတဲ့ တဲအိမ်လေးရှေ့မှာ နေ့စဉ်ဆိုသလို အပ်ချုပ်စက်ကို တဂျိန်းဂျိန်းနင်းရင်း တော်လှန်ရေးမှာတတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေတဲ့ ဒေါ်တိုးတစ်ယောက် သူမရဲ့ကွဲကြေသွားတဲ့ နှလုံးသားတစ်စုံလည်း “စစ်အာဏာရှင်ချုပ်ငြိမ်းမှ သေပျော်မယ် ဒီစစ်တပ်ကြီးကို အဆုံးထိတော်လှန်သွားမယ်” လို့ ပြောပါတယ်။