တရုတ်တစ်သျှူးငှက်ပျောကြောင့် ဝိုင်းမော်ဒေသခံတွေ မွေးမြူရေးအပြင် နေထိုင်ရေးခက်ခဲလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှု တဖန်တွင်ကျယ်လာပြီး လူနေဧရိယာ နှင့် မွေးမြူရေးအတွက်ပါ ခက်ခဲလာတဲ့ အခြေအနေကို ကြုံတွေ့လာရပြီလို့ ဒေသခံတွေ ပြောပါတယ်။
ဝိုင်းမော်ဒေသမှာ တစ်သျှူးငှက်ပျော အဓိကစိုက်ပျိုးတဲ့ နောင်းချိန်း၊ အင်ဂန်း၊ ဂွေထူ ၊ လဝါယန်၊ လောဆာ၊ မန်ဝိန်း စတဲ့ကျေးရွာတွေမှာ နှစ်စဉ် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုနှုန်း မြေဧကရာချီ တိုးချဲ့စိုက်ပျိုးလာတယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်တာအတွင်း ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသော်လည်း တစ်သျှူးငှက်ပျော စိုက်ပျိုးမြေလည်း တွင်ကျယ်လာတယ်လို့ ဆိုပါတယ်။
“လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် မြစ်ကြီးနားဘက်ခြမ်း မပါသေးဘူး။ ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး ရွာနဲ့ နီးတဲ့ ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်းကျေးရွာက ချောင်းနဲ့ နီးတဲ့နေရာတွေမှာ လယ်ယာမြေကလွဲလို့ ကျန်တဲ့နေရာအကုန်လုံး မှာက တရုတ်သစ်သျှူးငှက်ပျောအကုန်စိုက်ပျိုးလိုက်ပြီလို့ ပြောလို့ရပါတယ်။ ဒီနှစ်ပိုဆိုးလာတယ် ဂွေထူ(ပါဝါနိုင်း) တဝိုက်မှာလည်း တိုးချဲ့ စိုက်ပျိုးနေတယ်။ ပြီးရင် နောင်းချိန်းဘက်မှာလည်း အသစ်တိုးချဲ့စိုက်လာတယ်။ ဧကထောင်ချီ မဟုတ်ရင်တောင် ရာချီရှိလောက်တယ်” လို့ ဝိုင်းမော်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာ ဂွေထူ၊ နောင်းချိန်းအပြင် မိုင်းနား၊ လဝါယန် နဲ့ အင်ဂန်းဒေသတွေမှာ ငှက်ပျောစိုက်ပျိုးမြေဧက ပိုမိုတိုးချဲ့ လာတယ်လို့ ပြောပါတယ်။
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ၂၀၁၉ ခုနှစ်၊ Covide – 19 ဖြစ်ပွားမှုနဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် ငှက်ပျော်ခြံ လုပ်ငန်းတစ်ချို့ ရပ်တန့်သွားခဲ့ပါတယ်။
သို့ပေမယ့် ၂၀၂၅ ဝန်းကျင်လောက်ကနေ ပြန်ပြီးတော့ မူလစိုက်ပျိုးထားတဲ့ ငှက်ပျောခြံတွေကိုပါ လုပ်ကိုင်နေကြပြီဖြစ်သလို နောက်ထပ် စိုက်ပျိုးမြေအသစ်တွေကိုလည်း တိုးချဲ့လုပ်ကိုင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။
လက်ရှိ တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့ ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်းနဲ့ မန်ဝိန်းကျေးရွာတွေမှာ ပြည်သူတွေနေထိုင်တဲ့ ရွာနယ်နမိတ်တွေအထိ နီးကပ်ပြီး တိုးချဲ့လုပ်ကိုင်လာတယ်လို့ ဖြစ်စဉ်အခြေအနေကို ဂွေထူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ဂွေထူဘက်က တစ်သျှူးငှက်ပျောတွေက လျော့လာဖို့ မရှိဘူး။ ဒီထက်ပိုများလာဖို့ပဲရှိတယ်။ ဘာဖြစ်နေလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ မြေနေရာတွေကို စျေးပေါပေါနဲ့ ငှားရမ်းဝယ်ယူတယ်။ မရောင်းပေးမနေရ ဝယ်ယူတာလည်းရှိလာတယ်။ ကျနော်တို့ ဒေသခံတွေလည်း ငွေကြေးခက်ခဲတဲ့အတွက် ပေးသလောက်နဲ့ယူကြတယ်”လို့နောက်ထပ် ဂွေထူဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ တစ်သျှူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီဆိုက် ၁၀၀ ကျော်အထိ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
နေရာတချို့မှာ ငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေဟာ ရပ်ရွာနယ်မြေထဲအထိ မြေနေရာတိုးချဲ့လုပ်ကိုင်လာတာကြောင့် ဒေသခံတစ်ချို့က ကန့်ကွက်နေကြပါတယ်။
ယခုနောက်ပိုင်းမှာ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးပိုမိုကြပ်တည်းလာတဲ့အတွက် မိမိပိုင်ဆိုင်တဲ့မြေနေရာကို ငှားရမ်းပေးမှု များလာသို မြေယာပိုင်ရှင်တွေကလည်း ကျေးရွာတာဝန်ခံတွေ ကတဆင့် ဖိအားပေးမှုတွေကြောင့် ငှားရမ်းဖို့ သဘောတူပေးလိုက်ရတယ်လို့ ဆိုပါတယ်။
ငှက်ပျော လုပ်ငန်းရှင်တွေက မြေရှင် ဒေသခံတွေနဲ့ တိုက်ရိုက်ဆွေးနွေးမှု မရှိဘဲ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံ တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက ညှိနှိုင်းပြီး မြေနေရာ မရရအောင် လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
“တရုတ် ကုမ္ပဏီတွေက သက်ဆိုင်ရာ တိုက်နယ်က တာဝန်ရှိသူတွေဖြစ်စေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အရင်ညှိနှိုင်းပြီးတော့ ဒေသခံတွေရဲ့ ကြားမှာ ပြောဆိုပေးပြီးတော့ မဖြစ်မနေ ငှားရမ်းပေးဖို့ ဖိအားပေးတာတွေရှိတယ်။ တစ်ချို့က မြေမငှားပေးချင်းပေမယ့် ငှားပေးလိုက်ရတာတွေရှိတယ်။ တစ်ချို့က ကန့်ကွက်တယ်ဆိုတာက သူတို့ရဲ့ မြေနေရာတွေ ပျက်စီးသွားမှာစိုးလို့ ကန့်ကွက်ချင်ကြတာပါ။ ဒါပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေရ ဒေသခံတွေကအများကြီးလည်း မကန့်ကွက်ရဲကြဘူး။ ဒါကြောင့် ပေးတဲ့စျေးနဲ့ ငှားရမ်းပေးလိုက်တာတွေ ရှိပါတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေငှားရမ်းဖို့ ငှက်ပျောလုပ်ငန်းရှင်တွေက ၅ နှစ်ကနေ ၁၀ ဝန်းကျင်အထိ ငှားရမ်းကြပါတယ်။
ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်တဲ့ မြေနေရာပေါ် မူတည်ပြီး ငှားရမ်းခကို တစ်နှစ်လျင် တစ်ဧက ၅ သိန်းနဲ့ ၁၀ သိန်း ကျပ် ဝန်းကျင်အထိ စျေးနှုန်းကွာဟမှု ရှိတယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ နောင်းချိန်း၊ အင်ဂန်း၊ ဂွေထူ ၊ လဝါယန်၊ လောဆာ၊ မန်ဝိန်းနဲ့ ဝိုင်းမော်ကနေ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် တစ်လျှောက် ငှက်ပျောစိုက်ပျိုးတဲ့ ဧကတစ်သိန်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ မဲခေါင်ဒေသအုပ်ချုပ်ရေးအဖွဲ့ (Mekong Region Land Governance) က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ မြေနေရာတွေ ဘာကြောင့် တစ်သျှူးစိုက်ပျိုးမြေဖြစ်လာရတာလဲ
ဝိုင်းမော် – ချီဖွေ၊ ဆဒုံး – ကန်ပိုင်တည်၊ ဝိုင်းမော်-ဗန်းမော်ကားလမ်းမကြီး ပေါ်က ကျေးရွာတွေကို ၂၀၂၄ ခုနှစ်မှာ KIA က သိမ်းပိုက်လိုက်ပါတယ်။
“ဒေသခံတွေက စစ်ဖြစ်တော့ လယ်ယာလုပ်ငန်းတွေကိုလည်း အရင်ကလို လုပ်ကိုင်စားသောက်ဖို့ ခက်ခဲသွားတယ်။ အဲ့ဒါကြောင့် မြေနေရာတွေငှားရမ်းလိုက်တယ်။ တစ်ချို့ရွာတွေက စစ်ဖြစ်လို့ စစ်ရှောင်ခဲ့ရတယ်။ လူမရှိတော့တဲ့ ကျေးရွာတွေမှာက နဂိုရှိနေတဲ့ထဲကနေ ငှက်ပျောစိုက်တဲ့အခြေနေပိုဆိုးရွာလာတယ်လို့ပြောလို့ရမယ်။ ကျနော်ထင်တယ် နဂိုကတည်းကလည်း စီမံကိန်းရှိမယ်လို့ထင်တယ်” လို့ ဝိုင်းမော် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
နှစ်ရှည် တိုက်ပွဲဒေသတစ်ခု ဖြစ်တာကြောင့် လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်လို့မရတော့တဲ့အခြေအနေ၊ စစ်ဘေးကြောင့် ဒေသခံစစ်ရှောင်တွေ မိမိတို့ ပိုင်ဆိုင်တဲ့ မြေယာတွေကို ငှားရမ်းပေးလိုက်ရတဲ့ အခြေအနေတွေကြောင့် ငှက်ပျောခင်းတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဒေသဖြစ်ပေမယ့် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးမှု အခြေအနေကျဆင်းသွားခြင်း မရှိတဲ့အပေါ်မှာ အထက်မှာ ဝိုင်းမော်စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဝိုင်းမော်ဒေသခံအမျိုးသားက ဆက်ပြီးပြောပြပါတယ်။
“တစ်သျှူးငှက်ပျောလုပ်တဲ့ လုပ်ငန်းရှင်တွေက နှစ်ဖက်စလုံးကို ငွေပေးထားတာဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်ရှင် ခဏ နားလိုက်တယ်။ ပြီးရင် ပြန်လုပ်တယ် တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်ဘာတွေဖြစ်ရင်တောင် ခဏပဲပြန်ဖွင့်ပြီး ကုန်ကားတွေကအစ သွားလာကြတယ်ဆိုတော့ တိုက်ပွဲတွေဖြစ်ပေမယ့် တစ်သျှူးငှက်ပျောစိုက်တဲ့နှုန်းက ကျဆင်းသွားဖို့မရှိဘူး”လို့ပြောပါတယ်။
တရုတ် သစ်သျှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းတွေကို စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တွေကို အခွန်ပေးဆောင်ရပြီး လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
တစ်သျှူးငှက်ပျောရဲ့ နောက်ဆက်တွဲပြဿနာ
ဝိုင်းမော်ဒေသထဲမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေနေရာ တွင်ကျယ်လာတာနဲ့အမျှ လူနေဧရိယာကျဉ်းမြောင်းလာသလို မွေးမြူရေးလုပ်ငန်းအတွက်ပါ ခက်ခဲလာပြီလို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။
ဒေသတွင်း စီးဆင်းတဲ့ မြစ်ချောင်း၊ အင်းအိုင်ရှိတဲ့ ကုန်းမြေနေရာတစ်လျှာက်မှာ တစ်သျှူးငှက်ပျောစိုက်ခင်းတွေသာ ပြောင်းလဲလာပြီး ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့ စိုက်ခင်းတွေ တဖြည်းဖြည်း လျော့နည်းလာတယ်လို့လည်း ဆိုကြပါတယ်။
တစ်သျှူး ငှက်ပျောစိုက်ပျိုးခြံတွေက မြစ်ချောင်း၊ အင်းအိုင်တွေကိုသာ အဓိကမှီခိုပြီး စိုက်ပျိုးနေကြသလို အပင်ကြီးထွားအောင် ဓာတုဆေးဝါးအမျိုးမျိုးကို အလွန်အကျွံအသုံးပြုပြီး စိုက်ပျိုးရတာကြောင့် အဲဒီဓာတုဆေးရေတွေက စီးဆင်းတဲ့ မြစ်ချောင်း၊ အင်းအိုင်ထဲကို တဖြည်းဖြည်းစိမ့်ဝင်ကာ လူနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို သေစေတာ ဖြစ်ပါတယ်။
ဓါတုပစ္စည်းတွေဟာ မြစ်ချောင်း၊ အင်းအိုင်ထဲဝင်ပြီး သောက်သုံးမိတဲ့ ကျွှဲ၊ နွားတွေက ဝမ်းဗိုက်တွေဖောင်းကာ သေဆုံးတဲ့ ဖြစ်စဉ်တွေကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ မွေးမြူရေး မဖြစ်ထွန်းတော့တာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောဆိုပါတယ်။
ဒါ့အပြင် တစ်သျှူးငှက်ပျောစိုက်ပျိုးရာမှာ အသုံးပြုတဲ့ စွန့်ပစ်အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ခြင်းမရှိတဲ့အတွက် ပတ်ဝန်းကျင်ညှစ်ညမ်းမှု ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း ကျေးရွာအတွင်း သောက်သုံးတဲ့ရေတွင်းရေတွင် တိတိသာသာခမ်းခြောက်လာပြီး ပူအိုက်တဲ့ ရာသီဥတုဒဏ်ကို ခံစားနေရပြီဖြစ်တယ်လို့ နောက်ထပ် ဂွေထုဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြီးပြောပါတယ်။
“အခုကဘယ်လိုဖြစ်လာသလဲဆိုရင် မြစ်ချောင်းအင်းအိုင်တွေလည်းအကုန်ခမ်းခြောက်လာပြီ။ ပူတာလည်းအရင်ကထက်ပိုပြီး ပူလာတယ်လို့ ခံစားလာရတယ်။ ရေတွင်းရေတွေလည်း ခမ်းခြောက်ကုန်ပြီ။ ဒေသထဲမှာလည်း တရားမျှတမှုမရှိတဲ့ အရာတွေလည်း အများကြီ ခံစားလာရတယ်။ မွေးမြူရေးလုပ်ငန်းတွေလည်း အရင်လုပ်လို့မရတော့ဘူး။ နေထိုင်တဲ့ မြေနေရာတွေလည်း ကျဉ်းမြောင်းလာတယ်။ ငှက်ပျောစိုက်လိုက်တဲ့မြေနေရာတွေကို ခြံကာလိုက်ရင် ကျနော်တို့မှာ နေရာစရာမရှိတော့ဘူး။ အနားတောင်ကပ်လို့ မရတော့ဘူး” လို့ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုအကြာ တောအုပ်နေရာတွေပြောင်းတလင်းခါအောင်ရှင်းလင်းလိုက်ပြီး လက်ရှိမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ဒဏ်ကို သိသိသာသာ ကြုံတွေ့လာရတာဖြစ်တယ်လို့ ပြောပါတယ်။
“ဓါတုဆေးတွေကို စနစ်တကျမဟုတ်ဘဲ အတိုင်းအဆမရှိဘဲအသုံးပြုတယ်။ ဒါတာတွေအကြီးဆုံးပြဿနာတွေဖြစ်လာမယ် ဘယ်တော့မှမပျောက်တော့ဘူး။ အဲ့တာတွေက မြစ်ချောင်းတွေအင်းအိုင်၊ ဧရာဝတီမြစ်တွေထဲကို စိမ့်ဝင်မယ်။ မြစ်ချောင်းတွေရဲ့ ဂေဟစနစ်တွေပြောင်းလဲပြီး အကုန်ပျက်စီးသွားမယ်။ နောက်ဆုံး ရွာသူရွာသားတွေ ရှင်သန်မှုနဲ့ မွေးမြူတဲ့ တိရိစ္ဆာန်တွေမှာ ထိမယ်။ အဲဒီဓာတုဆေးတွေက အတွင်းထဲထိ စိမ့်ဝင်တာဖြစ်တဲ့အတွက် သောက်သုံးရေတွေအထိ ထိပါးလာမယ်။ ဒါကြောင့် ကျန်းမာရေးအတွက်ဆိုရင်လည်း အများကြီးထိခိုက်မှုများတယ်” လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူ ဆရာဇုံးတိန့်က ထောက်ပြ ပါတယ်။
ဓာတုဆေးမျိုးစုံကို အတိုင်းအဆမရှိ နှစ်ရှည်အသုံးပြုမှုကြောင့် နောက်ဆက်တွဲအကြီးဆုံးပြဿနာက မြေဆီလွှာ ခမ်းခြောက်လာပြီး ပတ်ဝန်းကျင် ပူနွေးလာပြီး သဘာဝ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းခမ်းခြောက်လာကာ လူမှုနေထိုင်ရေး ဘဝမှာ ထိခိုက်မှု ပိုမိုဆိုးရွားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက စတင်လာတဲ့ တစ်သျှူးငှက်ပျောဟာ ယခင်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး တရုတ်နယ်စပ်မြို့တွေမှာသာ အများဆုံးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ကချင်ဒေသထဲက မြစ်ကြီးနား၊ ဝိုင်းမော်၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက်မှာ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးခြင်း ခေါင်းစဉ်နဲ့ စတင်စိုက်ပျိုးခဲ့ရာမှာ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်မှာ ငှက်ပျောစိုက်ပျိုးမြေဖြစ်လာခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ အဲ့ဒီတစ်သျှူးငှက်ပျောတွေကို တရုတ်နိုင်ငံထဲ တင်းသွင်းရောင်းချနေတာဟာ နှစ်ပေါင်းအတော်လေးကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
၂၀၁၅ နောက်ပိုင်း မြန်မာနိုင်ငံက တစ်သျှူးငှက်ပျောတွေကို တရုတ်နိုင်ငံထဲ တင်သွင်းမှုအမြင့်ဆုံးဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်ခရိုင်၊ တရုတ်အခွန်အကောက်အချက်အလက်ရဲ့ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ အနိမ့်ဆုံး ၉ သန်းကနေ ၂ ကောဋိ အထိတင်သွင်းခဲ့တာဖြစ်ပါတယ်။
ယူနန်ခရိုင် ငှက်ပျောတင်သွင်းမှုအခွန်အကောက်ရဲ့ ဖော်ပြတဲ့အချက်အလက်အရ ၂၀၁၉ ခုနှစ်မှာ တင်သွင်းမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၉ မှာ Covid – 19 ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်မှာ မေရိကန်ဒေါ်လာ ၁ ကောဋိကျော်အထိ ကျဆင်းသွားတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတိုင်းအတာနဲ့ ဒေသအသီးသီးမှာ စစ်ရှိုန်မြင့်မားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံထဲ ငှက်ပျောတင်သွင်းမှုရပ်တန့်သွားတယ်လို့ ဆိုနိုင်သလို တရုတ်အခွန်အကောက်စာရင်းမှာလည်း သေးစိတ်ဖော်ပြချက်ကို မတွေ့ရပါဘူး။
၂၀၂၄ – ၂၀၂၅ ခုနှစ်မှာတော့ တရုတ်နိုင်ငံထဲကို ငှက်ပျောတွေကို သိန်းဂဏန်းကနေ သန်းဂဏန်းအထိ ပြန်ပြီးတင်ပို့နေပြီဖြစ်တာကို ဖော်ပြထားပါတယ်။
တရုတ်အကောက်ခွန် အချက်အလက်အရ တင်သွင်းမှုဇယား
လွန်ခဲ့သော ၂၀၁၅ ကနေ ၆ နှစ်တာအတွင်း တရုတ်နိုင်ငံထဲ ငှက်ပျောတင်းသွင်းမှုအခြေအနေ

တစ်သျှူးငှက်ပျောတွေကို မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အပါအဝင် လိုင်ဇာ၊ ဗန်းမော်၊ မံစီ၊ မိုးမောက်နဲ့ ရွှေကူမြို့နယ်တွေမှာလည်း စိုက်ပျိုးကြပါတယ်။
၂၀၁၈ ခုနှစ်ဝန်းကျင်အထိ ကချင်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ငှက်ပျောစိုက်ပျိုးထားတဲ့ မြေဧက ၂ သိန်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ငှက်ပျောအဓိကစိုက်ပျိုးတဲ့ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အပါ တခြားစိုက်ပျိုးမြေဖြစ်တဲ့ဒေသတွေမှာ ငှက်ပျောလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီဖြစ်သလို စိုက်ပျိုးမြေဧကတွေလည်း ရာနဲ့ချီတိုးချဲ့လာတယ်လို့ ဒေသခံတွေပြောဆိုကြတာလည်းဖြစ်ပါတယ်။
သို့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် နယ်မြေဒေသမတည်ငြိမ်မှုတွေကြောင့် ဒေသခံပြည်သူတွေ မြေပြင်အခြေအနေကို အသေးစိတ်သွားရောက်လေ့လာကြည့်ရှု့ဖို့ ခက်ခဲသွားပြီး တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီး ဒေသအချက်အလက်ပြုစုတဲ့အဖွဲ့အစည်းတွေနည်းပါးသွားတာကို မြင်တွေ့ရပါတယ်။
ဒါကြောင့်လက်ရှိမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသတွေမှာ ဧကသိန်းနဲ့ချီ လုပ်ကိုင်နေပြီဖြစ်ပေမယ့် မြေဧကမြေတိုးချဲ့လာတဲ့အခြေအနေကို အသေးစိတ်သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း ယခု ၂၀၂၆ အထိ ကချင်ပြည်နယ်က ထွက်တဲ့ တစ်သျှူးငှက်ပျောတွေကို ကန်ပိုင်တည်၊ လွယ်ဂျယ်၊ လိုင်ဇာ စတဲ့ နယ်စပ်တွေကနေ တဆင့် တရုတ်ဘက်ကို တင်ပို့နေပြီဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




