သတင်း

ယင်းမာနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဗုံးကျဲတိုက်ခိုက်ခံရ

ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို စစ်ကောင်စီတပ် မေလ ၂၉ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကပိုင်ကျေးရွာ၏ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ်၊ ၃ နာရီဝန်းကျင် တစ်ကြိမ် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်သွားပြီး အဆိုပါ ကပိုင်ကျေးရွာတောင်ဘက်ခြမ်းနေရာတွင် ဗုံးသီးကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

ကပိုင်ရွာရဲ့တောင်ဘက်မှာ ပြီးခဲ့တဲ့မုန်တိုင်းကာလအတွင်းမိုးရွာတာတွေကြောင့် လမ်းပျက်သွားတာ အဲ့တာကိုကျေးရွာက ဦးဆောင်ပြီးပြင်နေတာပေါ့ အဲ့နေရာကိုကျတာပေါ့ ပထမကတစ်စီးအရင်လာတယ် ခေါင်းတွေပေါ်ကနေကိုဖြတ်သွားတာ နီးနီးလေးပေါ့။ ကပိုင်ကိုတော့ ၂ စီးနဲ့ စပစ်တော့တာပဲ နှစ်ကြိမ်လာပစ်သွား တယ်ဟုပြောသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်ခံရမှုတွင် ပြည်သူများထိခိုက်မှုမရှိခဲ့သော်လည်း မြေသယ်ဖောကား ၂ စီးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုလို ပြောသည်။

ဘာတိုက်ပွဲမှလည်းမရှိပါဘူး လမ်းပြင်နေတဲ့ ပြည်သူတွေကိုပဲပစ်သွားတာ ကျနော်ကိုသတင်းပေးပြီးတော့ သူတို့လည်း ပြေးကြရတာ လမ်းပြင်နေတဲ့နေရာမှာတော့ တော်တော်လေးဆိုးဝါးသွားတယ်လို့သိရပါတယ် မြေသယ်တဲ့ဖောကား၂စီးပျက်ဆီးသွားပါတယ် ဒေသခံသေဆုံးထိခိုက်တာတော့မရှိပါဘူးဟုပြောသည်။

ယခု စစ်ကောင်စီတပ်ဘက်မဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကပိုင်ကျေးရွာနှင့် သီကုန်းရွာများမှ ဒေသခံ ၇ ထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆက်သိရသည်။

ကပိုင်ကျေးရွာသည်  တောင်ဘက်ခြမ်း မိုင် ၂၀ ကျော်ခန့်အကွာ အလောင်းတော်ကဿဖဘုရားသွားရာလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၇၀၀၀ နေထိုင်သည့် ကျေးရွာကြီး တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button