သတင်း

ဝက်လက်တွင် လူငယ်တစ်ဦး ခေါင်းဖြတ် မီးရှို့သတ်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဘဲပင်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦး ခေါင်းဖြတ်မီးရှို့ သတ်ဖြတ်ခံရကြောင်း  Wetlet သိရသည်။

သတ်ဖြတ်ခံရသူသည် စစ်ကောင်စီတပ်ဖွဲ့များ နဘဲပင်လှကျေးရွာကို စစ်ကြောင်းထိုးလာသဖြင့် ဘေးလွှတ်ရာသို့ ထွက်ပြေးရင်း စစ်ကြောင်းနှင့် တိုးကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၃ ရက်နေ့က နဘဲပင်လှကို စစ်ကြောင်းထိုးလာပြီး ပြည်သူအိမ် ၆၀ ကျော်ကို မီးရှို့တယ်။ ဘုန်းကြီးကျောင်းထဲက ကျောင်းဆောင် ၄ လုံး ပါတယ်။ ပြီးတော့ စာသင်ကျောင်းဆောင်တွေကိုလည်း ရှို့တယ်။ ထွက်ပြေးရင်းနှင့် သူတို့နဲ့ပက်ပင်းတိုးတဲ့ အမျိုးသားလူငယ်တစ်ဦးကိုလည်း ခေါင်းဖြတ်မီးရှို့သွားခဲ့တယ် ခေါင်းတစ်ခြားကိုယ် တစ်ခြားပဲဟုပြောသည်။

ထို့အပြင် စစ်ကြောင်းထိုးရင်း ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက်ငယ်များကြောင့် အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦးပေါင်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်ဟု သူက ဆက်ပြောသည်။

နဘဲပင်လှကျေးရွာသည် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်စစ်ကြောင်း ထိုးမီးရှို့ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နလပဲကျေးရွာသို့ဝင်ရောက်လာသောစစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ရွှေဘိုမြို့နယ်ကျောက်မြောင်းကျေးရွာနှင့် စစ်ကိုင်းမြို့နယ်ဘက်မှ ထွက်ခွာလာသော ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး လက်မောင်းဘက်တံဆိပ်တွင် တပ်မ ၉၉ ဟု ပါရှိသည်ဟု မြေပြင်ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒေသခံပြည်သူ ၃၆၀၀ ကျော်သတ်ဖြတ်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒေသခံပြည်သူများ၏ နေအိမ်ပေါင်း ၆သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူ ၁ဒဿမ ၅သန်း ဘေးလွှတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမူးရုံး UNOCHA က မတ်လထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button