သတင်း

စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေချိန် လေယာဉ်ဖြင့် တိုက်ခိုက်ခံရသဖြင့် ဒေသခံ ၄ ဦး ထက်မနည်း ထိခိုက်

ကလေးမြို့နယ်မြောက်ပိုင်းရှိ ရှု့ခင်းသာကျေးရွာတွင် စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် M13 အမျိုးအစားဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားထိခိုက်မှုအပြင် ကျောင်းဆောင်နံရံလည်း ပျက်ဆီးသွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

မနေ့ကတော့ မြောက်ပိုင်းမှာ CDM ကျောင်းဆရာ/ဆရာမတွေ အစည်းအဝေးလုပ်ရင်း ဒလန်သတင်းပေးကြောင့် သတင်းပေါက်ကြားသွားတာပေါ့ အဲ့တာကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ပစ်တာလို့သိရတယ်။ လောလောဆယ် သိရတာတော့ ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ကျောင်းဆောင်နံရံပျက်ဆီးခဲ့တယ်လို့သိရပါတယ်ဟုဒေသခံတစ်ဦးကဆိုသည်။

CNO Upper Chindwin Region-UCR အဖွဲ့ကလည်း “ကျောင်းဖွင့်ဖို့ အစည်းအဝေးလုပ်မယ့် သတင်း ပေါက်ကြားလို့ လာပစ်တာလို့ ယူဆရတယ်။ ရဟတ်ယာဉ် ၅မိနစ်ကြာ လက်နက်ကြီးနဲ့ စက်သေနတ်တွေနဲ့ ပစ်ပြီး လှည့်ပြန်သွားပါတယ်ဟုပြောသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရသည့် ရှု့ခင်းသာကျေးရွာနှင့် ၃မိုင်အကွာရှိ လက်ပံချောင်းကျေးရွာကို လည်း ကလေးမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်တွင်တစ်ကြိမ် ညပိုင်း ၁၀ နာရီခန့်တွင်တစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button