သတင်း

မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ

ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် လမ်းဆုံနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မဲ့ ကားများကို စစ်ဆေးဖမ်းဆီးနေပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့မှစကာ မိုးညှင်းမြို့အထွက် မိုးညှင်းနန်းမားလမ်းဆုံး၊ BOC စက်သုံးဆီအရောင်းဆိုင် ရှေ့နေရာများတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးပြီး ကားတစ်စီးလျှင် ငွေကျပ် ငါးသောင်းဖြင့် ဒဏ်ငွေဆောင်ခိုင်းကာ ပြန်လည်သွားခွင့်ရရှိနေကြောင်း အစစ်ခံလိုက်ရသည့် နန်းမားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

နန်းမား မိုးညှင်းလမ်းဆုံ BOC ဆီဆိုင်ရှေ့မှာ ကားတွေစစ်တယ် ဖြတ်သွားဖြတ်လာကားတွေပေါ့အဲ့မှာက လမ်းဆုံဖြစ်နေတာကို လိုင်စင်တွေမပါတဲ့ဟာကျတော့တစ်စီးကို ငါးသောင်းပိုက်ဆံတောင်းတယ်တဲ့ အများကြီးပါသွားတယ် အဲ့မှာကားတွေအမြဲတမ်းဖြတ်နေတာကြီးကိုဟုပြောသည်။

အဆိုပါ စစ်ဆေးမှုတွင် စစ်ကောင်စီတပ်သားများသာတွေ့ရပြီး မနက် ၉ နာရီမှ ၁၁ နာရီဝန်းကျင်တွင်လုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။

လိုင်မောင်းလိုင်စင်နဲ့ကားလိုင်စင်တွေစစ်တယ် မပါရင်အဲ့မှာတခါတည်းဆောင်ပဲ။ တော်တော်များများဆောင်လိုက်ရတယ် ဒီမှာက ဝိတ်တောက်ပဲစီးကြတာများတယ်လေး။ ပိုက်ဆံသုံးစရာမရှိတော့လို့ပိုက်ဆံရှာတာနေမှာပေါ့ဟု နောက်ဒေသခံအမျိုးသားတစ်ဦးက ထပ်မံပြောဆိုသည်။

စစ်ကောင်စီတပ် ကားလိုင်စင်မဲ့ စစ်ဆေးသည့်နေရာများသည် မိုးညှင်းနန်းမား၊ မိုးကောင်းနှင့် မိုးညှင်းအင်းတော်ကြီးဖားကန့်သွားသည့် လမ်းဆုံးနေရာများတွင် ဖြစ်ကြောင်းသိရသည်။

ထိုလမ်းနေရာများတွင် ခရီးသည်ယာဉ်များနှင့် အိမ်စီးကားအများအပြား ဖမ်းဆီးခံလိုက်ရပြီး ယနေ့နံနက်ပိုင်းအထိ သွားလာသူနည်းပါးသွားကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စသည့်မြို့ကြီးများတွင် လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးမှု ပုံမှန်ရှိနေပြီး ဖမ်းဆီးရမိသည့် ကားများကို သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပေးဆောင်ကာ ပြန်လည်ရွေးယူရကြောင်းသိရသည်။

Show More

Related Articles

Back to top button