သတင်း

ရွှေကူနယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့နေ

ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွှေကူနယ်အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိဒေသခံအမျိုးသားတစ်ဦးက ကKNG ကိုအခုလိုပြောပါတယ်။

“ချောင်းဝကော၊ ဘိုကုန်းကောမီးရှို့တယ် ဘိုကုန်းထဲက အိမ်ရှစ်လုံးမီးရှို့တယ် ချောင်းဝကတော့ အိမ်ဘယ်လောက်ပါသွားလဲ မသိရသေးဘူး အဲ့ဘက်ကဖုန်းလိုင်းတွေလည်းပြတ်နေတယ် ခုလောလောဆယ်က ပြည်သူတွေလည်းပြေးနေတယ်”လို့ အမျိုးသားကပြောပါတယ်။

ရွှေကူအရှေ့ခြမ်းဘက်မှာ နေအိမ်မီးရှို့ခံရမှု
ရွှေကူအရှေ့ခြမ်းက နေအိမ်မီးရှို့ခံရပုံ

စစ်ကောင်စီတပ်တွေက စစ်ကြောင်းတစ်ကြောင်းကို စစ်အင်အား ၁၀၀ လောက်သုံးပြီး ရှေ့ဆင့်နောက်ဆင့်တက်လာတာလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ ယင်း စစ်ကြောင်း နှစ်ကြောင်းထဲက တစ်ကြောင်းကတော့ ဘိုကုန်းမှာရှိနေပြီး နောက်ထပ်စစ်ကြောင်းကတော့ ဒီကနေ့ ညနေပိုင်းမှာ သပြေလှကျေးရွာကို ဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒါ့အပြင် ယနေ့ညနေပိုင်းအထိ ကျေးရွာစဉ်အလိုက် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး နေအိမ်တွေကို လိုက်လံမီးရှိုနေသေးတဲ့အတွက် မီးရှို့ခံရတဲ့ နေအိမ်အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

“ဘိုကုန်းကတော့ ဆက်တိုက်ရှို့ခံထားရတာတွေရှိတယ်လို့လည်းသိရတယ်။ လောလောဆယ်ဆယ်က သူတို့လည်းပြေးနေရတော့ ကောင်းကောင်းကိုအဆက်အသွယ်မရဖြစ်နေတယ်။ ဖုန်းလိုင်းတွေကလည်းနေရာတိုင်း မရဘူး” လို့ ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ကြောင်းဝင်နေတဲ့ကျေးရွာတွေဟာ ဘိုကုန်း၊ သပြေလှ၊ ချောင်းဝနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်ပြီး ကျေးရွာနေပြည်သူတွေကတော့ စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ သိရပါတယ်။

လက်ရှိ ဘိုကုန်းဘက်ဝင်နေတဲ့ တပ်မ ၇၇နဲ့ တပ်မ ၁၀ ပူးပေါင်းစစ်ကြောင်းတို့ဟာ  ပြီးခဲ့တဲ့ မတ်လ ၂၀ ကျော်ကလည်း ရွှေကူအရှေ့တောင်ခြမ်းက နန့်လန်၊နောင်လတ်ကြီး၊ မံဝင်း၊ စီသာ၊စီသောင်စတဲ့ကျေးရွာပေါင်း ၁၂ ခန့်ကို ဝင်ရောင်မီးရှို့မှုတွေလုပ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပါတယ်။မီးရှို့ခံထားရတဲ့ ဘိုကုန်းကျေးရွာနှင့် ချောင်းဝကျေးရွာတို့ဟာ အိမ်ခြေ ၃၀၀ ခန့်စီရှိတဲ့ကျေးရွာကြီးတွေ ဖြစ်ကြပါတယ်။

Show More

Related Articles

Back to top button