လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ စစ်ကောင်တပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကိုးတောင်ဘို့ကနေ ၂မိုင်ခန့်အကွာမှာရှိတဲ့ မိဿလင် ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ဒီမနက်မှာ ကိုးတောင်ဘို့အထိုင်စခန်းကနေထွက်လာပြီးတော့ မိဿလင်ကုန်းရွာကိုဝင်ပြီးတော့ အပြစ်မဲ့ ပြည်သူ၅၀ကျော်လောက်ကို ဖမ်းဆီးသွားတယ် အဓိကတော့ ဒေသခံတွေက စစ်ကြောင်းထွက်လာတာကို မသိလိုက်ဘူး ကိုးတောင်ဘို့နဲ့မိဿလင်ကုန်းကလည်းနီးနီးလေးပါ” လို့ပြောပါတယ်။

လက်ရှိမှာ ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ဒေသခံတွေကို ကိုးတောင်ဘို့အထိုင်တပ်စခန်းထဲကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရတဲ့ဒေသခံတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မြေပြင်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား လက်ရှိချိန်မှာ တစ်စုံတစ်ရာတိုက်ပွဲမရှိသလို စစ်ကောင်စီတပ်ဘက်က ဗျူဟာပြောင်းလဲပြီး စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“အဓိကကတော့ စကစဘက်က ဗျူဟာနည်းနည်းတော့ပြောင်းလာတယ်။ အရင်တုန်းက ဒီလိုကိစ္စတွေက သူတို့ထွက်လာပြီဆိုသတင်းတွေကြိုရတယ် အခုကတော့ အလစ်အငိုက်ဝင်ဖမ်းတာပေါ့လေ ဒါကတစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ကိုဖြစ်နေတာ အဲ့တော့အကောင်းဆုံးက လုံခြုံရေးနဲ့ပတ်သက်လို့သတိထားစေချင်တယ်” လို့ ပြောပါတယ်။

မိဿလင်ကုန်းကျေးရွာဟာ ကိုးတောင်ဘို့တိုက်နယ်အတွင်းတည်ရှိပြီး အိမ်ခြေ ၃၀၀ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးသွားတဲ့အတွက် လက်ရှိမှာ ဒေသခံပြည်သူတွေဘေးလွှတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေး​နေရတဲ့ ဒေသခံ ၇၆၅,၂၀၀ ဦးရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button