တိုက်ပွဲသတင်း

ချောင်းဦးမြို့နယ်က ပျူစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်က ပျူစောထီးအထိုင်စခန်းလေးခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု များနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။

ဇူလိုင်လ ၅ရက်နေ့ မနက်၄နာရီဝန်းကျင်လောက်မှာ ကံကြီးကုန်း၊ကင်မွန်းတော်၊တောပု၊ကံဇီး စတဲ့ကျေးရွာတွေမှာရှိတဲ့ ပျူစောထီးစခန်းတွေကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

“ပျူရွာတွေအားလုံးကို တပြိုင်နက်တိုက်ခိုက်တာပါ ရဲဘော် ၅ဦးကျဆုံးတာပေါ့ ဒါကတော့အတည်ပြုနိုင်ပါတယ်။ ရန်သူ့ဘက်အကျအဆုံးစာရင်းရယ် သိမ်းဆည်းရမိတဲ့ လက်နက်တွေကိုတော့ ကျနော်တို့ ထုတ်ပြန်ပါမယ်”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ ရဲဘော် ၅ဦးထဲမှာ မုံရွာခရိုင်တပ်ရင်း ၈က ရဲဘော် ၂ဦးပါဝင်ပြီး လက်နက်ကြီး ထိမှန်ကျဆုံးခဲ့ရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုဆက်ပြောပါတယ်။

“မုံရွာခရိုင်တပ်ရင်း၈က ၂ယောက်ကျတယ် မုံရွာအမြင့်ရဲစခန်းကနေ ဒီပျူစခန်းတိုက်ပွဲအတွက် အကူမလာနိုင်အောင်လို့ ဖြတ်တောက်ထားတဲ့အဖွဲ့ပေါ့။ အဲရဲ့စခန်းကနေ ကူဖို့ထွက်လာတော့ ထိတွေ့မူလေး ဖြစ်သွားတယ် အဲ့မှာ ကိုယ့်ဘက်ကပြန်ဆုတ်ရင်း လက်နက်ကြီးမှန်လို့ ကျဆုံးခဲ့တာပါ”လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပျူစခန်းတွေဟာ တစ်ရွာနဲ့တစ်ရွာ ၂မိုင်ပတ်ချာလည်သာရှိတဲ့ကျေးရွာတွေဖြစ်ပြီး ကျေးရွာတွေရဲ့ အလယ်မှာတော့ မုံရွာအမြင့်အထိုင်ရဲစခန်းရှိတာလို့ သိရပါ တယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေစဥ်အတွင်းမှာဘဲ မနေ့က မနက် ၁၀နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ကူတိုက်ခဲ့တဲ့အတွက် တိုက်ပွဲကဆက်လက်ပြင်းထန်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေကပြောပါတယ်။

အဲဒီနောက် နေ့လည် ၂နာရီဝန်းကျင်မှာတော့ မုံရွာအမြင့်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပျူ စောထီးတွေ ပူးပေါင်းကာ ကံကြီးကုန်းကျေးရွာရဲ့မြောက်ဘက်က ဝယာကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိကို မီးရှို့ဖျက်ဆီးနေတယ်လို့ Chaung U Revolution က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အဲ့ဒီပျူစခန်းတွေနဲ့အနီးတစ်ဝှိုက်က တောကျောင်းလေး၊ ဝယာ၊ရှမ်းထူး၊တောင်ဖီလာ၊ တပါယ်အင်း စတဲ့ကျေးရွာတွေက ဒေသခံတွေ ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇သိန်းခွဲကျော် ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမူးရုံး (UN OCHA) က ပြီးခဲ့တဲ့လ ဇွန်၁၃ရက်က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button