သတင်း

မိုးညှင်းမြို့ လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦး သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ သတ်ခံထားရတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်က ၇ ရက်နေ့ နေအိမ်မှာရှိနေချိန် အိမ်ခြံမြေကြည့်ချင်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခေါ်လာတဲ့အတွက် အိမ်ခြံမြေပြဖို့ နေအိမ်ကနေ သားဖြစ်သူနဲ့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ချိန် မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ ဓါးနဲ့လုပ်ကြံသတ်ဖြတ်လခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အိမ်ခြံမြေလိုက်ပြပေးပါ ကြည့်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတော့ သူ့သားအငယ်နဲ့ အိမ်ကနေဆိုင်ကယ်နဲ့သွားလိုက်တာ သားကိုတော့ ဘာမှလုပ်မသွားဘူး အမေကိုသတ်ထားခဲ့တာလို့ ပြောကြတယ်”လို့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။

photo- လောက်စာတောင်အနီး သတ်ဖြတ်ခံထားရတဲ့ ဒေါ်ထိုက်ထက်အေးcrd-မေတ္တာလူမှုကူညီရေးအသင်း
photo- လောက်စာတောင်အနီး သတ်ဖြတ်ခံထားရတဲ့ ဒေါ်ထိုက်ထက်အေး
crd-မေတ္တာလူမှုကူညီရေးအသင်း

သတ်ခံရသူဟာ မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် ထိုက်ထိုက်အေးဆိုသူဖြစ်ပြီး အလောင်းကိုတော့ ဒေသခံတစ်ချို့ကတွေ့ရှိခဲ့ပြီး ဒေါ်ထိုက်ထိုက်အေးနဲ့အတူပါသွားတဲ့ သားကိုတော့ မြို့ရှောင်လမ်းတစ်နေမှာ တွေ့ခဲ့တာလို့ သိရပါတယ်။

“သူ့သားက ၃ နှစ်ကျော်ဘဲရှိသေးတယ် အဲဒါမြို့ရှောင်လမ်းမှာ ပစ်ထားခံခဲ့ရတဲ့သဘောရှိတယ် သူအမေသတ်ခံရတဲ့နေရာမှာတော့ ကလေးကမရှိဘူး အဲမြို့ရှောင်လမ်းဘက်မှာ လောက်စာတောင်ဆိုတာရှိတယ် အဲနားတစ်ဝိုက်မှာတဲ့” လို့နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

မိုးညှင်းမြို့ရှောင်လမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ချစ်သူစုံတွဲနှစ်ယောက် သတ်ဖြတ်ခံ ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးပတ်မှာလည်း မိုးညှင်းမြို့နယ် ဘီလူးမြို့ ကန်တော်ကုန်းရပ်က နေအိမ် တစ်အိမ်မှာ ရေမွေးရောင်းသူဟန်ဆောင်ထားတဲ့ လူငယ် ၂ ဦးရေတောင်းသောက်ဖို့ ဝင်လာပြီး အိမ်ပိုင်ရှင် အမျိုးသမီးတစ်ဦးကိုတို့ဆေးနဲ့တို့ကာ နေအိမ်ကငွေတွေ ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ  လောင်းကစားဝိုင်းတွေ များလာသလို ခိုးဆိုးလုယက်မှုနဲ့ လူသတ်ဖြတ်ခံရမူတွေဖြစ်လာနေပါတယ်။

Show More

Related Articles

Back to top button