တိုက်ပွဲသတင်း

ရှဒူးဇွပ်တိုက်ပွဲတွင် KIA ဘက်မှ ၃ ဦး ၊ ပြည်သူ့စစ်ဘက်မှ ၅ ဦး၊ ပြည်သူ ၁ ဦး သေဆုံး

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်ဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ယနေ့ နံနက် နာရီမှ ၈ နာရီကျော်အထိ စုစုပေါင်း ၅ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“အခုသိရသလောက်က KIA ဘက်က ထိခိုက်သေဆုံးသွားတာက ၃ ယောက်လောက်ရှိတယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်း ပါတယ်။ အခု မင်းဇင်သန့်ရဲ့ အိမ်ရှေ့မှာက KIA အလောင်း ၃ လောင်းတန်းစီထား တယ်တွေ့တယ်။ ပြီးရင် KIA ရဲ့ လက်နက် ပစ္စည်းတစ်ချို့ကို ပြည်သူ့စစ်ဘက်ကနေ သိမ်းဆည်းရမိတယ်တဲ့” ဟု ပြောသည်။

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ အသုံးပြုနေသော Telegram Channal တွင် KIA ဘက်က သေဆုံးသူ ၅ ဦးရှိကြောင်းနှင့် သေနတ် ၅ လက်နှင့်အတူ လက်နက်ပစ္စည်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

မင်းဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ဘက်တွင် သေဆုံးသူ ၅ ဦးရှိပြီး ထိုထဲတွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်၏ အစ်ကိုယ်ဖြစ်သူ ဦးအငယ်လေးဆိုသူလည်း လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများပြောဆိုနေကြသော်လည်း KNG သတင်းဌာနအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရှဒူးဇွပ်ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးထဲတွင် ရပ်ကွက်(၁)၊ (၂) မှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးဖြစ်ကြောင်း ဒေသခံများပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူတစ်ချို့သည် ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးကုသရန် မြစ်ကြီးမြို့ဘက်သို့ပို့ဆောင်ထားပြီး တစ်ချို့မှာ ဒေသအတွင်း ဆေးကုသခံယူနေရကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်း နေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းရှိ ရုံးခန်းနေရာများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း နောက်ထပ် ရှထူးဇွပ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အိမ်က ၇ လုံးလောက် ပျက်စီးသွားတယ်။ အဲ့ထဲမှာ KBC ဘုရားကျောင်းဝင်းမှာရှိတဲ့ ဆရာနေအိမ်နဲ့ အသင်းတော်ရုံး နေရာတွေမှာ လက်နက်ကြီးမှန်သွားတယ်။ ထိပြီးတော့ ပြီးရင် ရပ်ကွက်(၁)ဘက်က ဝက်ခြံမှာ လက်နက်ကြီးကျလို့ ဝက်ခြံမှာရှိတဲ့ ဝက် ၆ ကောင်လည်း သေသွားတယ်”ဟု ပြောသည်။

ဝါရာဇွပ်ကျေးရွာအုပ်စုတွင် ပါဝင်သော ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စသည့် ကျေးရွာနေပြည်သူများသည် ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်အထိ ကျေးရွာအတွင်း နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခွင့်မရဘဲ ယခုလို ထိခိုက် သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။

စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ တပ်ဖွဲ့သည် ယနေ့နံနက်ပိုင်း ၄ နာရီဝန်းကျင်ခန့်မှ ရှဒူးဇွပ်ကျေးရွာ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့ရှိသော နေအိမ်တဝိုက်တွင် လာရောက်ကာ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ရာမှာ တိုက်ပွဲ စတင်ခဲ့သည်။

KIA ဘက်မှ မင်းဇေသန့်၏ နေအိမ်ကို ယခုလို ဝင်ရောက်ပစ်ခတ်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလ တွင် ပထမအကြိမ် လာရောက်တိုက်ခိုက်မှုတွင် KIA ဘက်က တပ်သား ၄ ဦးသေဆုံးခဲ့သည်။

Show More

Related Articles

Back to top button