ဖမ်းဆီးခံရမှုလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။

အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး အိမ်အလုပ်ပဲပြန်လာလုပ်ဖို့ ဆင်းလာတာ။ အရင်လည်း သူက ခရီးသည်မရရင် အိမ်စောစောပြန်လာပြီး အလုပ်ပြန်လာလုပ်နေကျလေ။ အဲ့နေ့မှာတော့ အဲ့လိုပဲ အိမ်ကိုပြန်ဆင်းလာချိန် ဟိုမုန်းရွာရောက်တော့ ခရီးသည်ရှိလို့ ခေါ်တင်လာတာတဲ့။ သူခေါ်တင်လာတဲ့ ခရီးသည်တွေက ဘယ်လိုလူမျိုးလည်း မသိဘူးလေ။ သူ့သူငယ်ချင်းကားသမားပြောတာတော့ ဆင်းလာချိန် နမ်ဖတ်ကာစစ်တပ်မှာ ရပ်ကျန်နေခဲ့ပြီဆိုတာပဲ။ အဲ့တာပဲသိရပြီး စုံစမ်းမရတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့ ဦးဇော်ဂျာ(သို့မဟုတ်) ဦးဇော်အောင်ဟာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ် ၃ ယောက်ရဲ့ ဖခင်ဖြစ်ပြီး မူဆယ်-ကွတ်ခိုင်ကြားမှာ ပြေးဆွဲတဲ့ ကားသမားဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်က ဦးဇော်အောင်ကို ဟိုမုန်းရွာက KIA တပ်သား ၄ ဦးတင်ဆောင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုလိုဖမ်းဆီးခံလိုက်တာဟာ သတင်းပေးသူရှိတဲ့အတွက်ဖြစ်နိုင်တယ်လို့ နမ်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးလည်း ဆက်ပြောပါတယ်။

အဲ့ကားသမားက ခရီးသည်မရဘူးဆိုတော့ KIA ဘက်ကလူတွေနဲ့ လမ်းမှာကြုံခဲ့ပုံရတယ်။ သူတို့ဆင်းလာတဲ့အကြောင်းကို ဟိုမုန်း ၊ နမ်အွမ် အဲ့ဘက်က သတင်းပေးလိုက်ပုံပဲ။ ဆိုတော့ အခြားကားတွေမစစ်ဘူး။ သူ့ကားကိုပဲစစ်ပြီး အားလုံးကို ဖမ်းထားလိုက်တယ်။ အဲ့နေ့ကတည်းက ဒီနေ့ချိန်ထိ ဘယ်မှာထားထားမှန်းမသိဘူး။ သတင်းလည်းမကြားဘူး။ ဘယ်မှာမှစုံစမ်းလို့မရသေးဘူး။ ကျမတို့လည်း စုံစမ်းတယ် ဘယ်မှမေးမေး မသိဘူးပဲ။ သူ့မိန်းမနှင့် မိသားစုတွေက အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ဦးဇော်အောင် ဖမ်းဆီးခံလိုက်ရတဲ့နေ့ကစပြီး မိသားစုဝင်များဟာ ကွတ်ခိုင်စစ်တပ်စခန်း၊ ရဲစခန်း၊ နမ်ဖတ်ကာစစ်တပ်တွေမှာ လိုက်လံစုံစမ်းရှာဖွေကြိုးစားခဲ့ပေမယ့် စစ်တပ်ဘက်က သတင်းတစ်စုံတစ်ရာမှမပေး၊ မပြောပြသောကြောင့် ယနေ့ထိ လုံး၀အဆက်အသွယ် ပြတ်နေခြင်း ဖြစ်ပါတယ်။

နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ယခုကဲ့သို့ KIA တပ်သားများဖမ်းဆီးခံရမှုနှင့်အတူ ပြည်သူတစ်ဦး ပါဖမ်းဆီးခံရလိုက်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသူ KIA ဘက်မှ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ခုလိုပြောပါတယ်။

အဲ့နေ့က နမ်ဖတ်ကာဂိတ်မှာ ဖမ်းခံလိုက်ရတယ်ဆိုတဲ့သူတွေက KIA က တပ်သားတွေမဟုတ်ဘူး။ ဘာလိုဆို သူတို့က အထက်ကအမိန့်အတိုင်း လုပ်ငန်းလိုက်လုပ်နေတာမဟုတ်ဘူး။  KIA ခေါင်စဉ်နဲ့ သူတို့သဘောနဲ့သူတို့ သူတို့ကိုယ်ကျိုးအတွက် အခွန်လိုက်ကောက်ဖို့လုပ်ရင်း ရှာစားတာဟုတ်တယ်။” လို့ပြောပါတယ်။

ဦးဇော်အောင်အား စစ်တပ်က ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး ကားသမားတစ်ဦးအနေနဲ့သူတင်ထားတဲ့ ခရီးသည်ကား မည်ကဲ့သို့သောသူဖြစ်စေကာမူ ကားသမားဟာ ပြည်သူတစ်ဦးဖြစ်တဲ့အတွက် သက်ဆိုင်ရာ တပ်စခန်းများမှ လွတ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံလိုက်ရသူကားသမား၏ဇနီးသည် ယခုလိုဆက်ပြောပါတယ်။

သူက ကားဆွဲ၊ကားမောင်းပြီးမဲ ကျမတို့သားအမိတွေကို ကျွေးမွေးနေတာဟုတ်တယ်။ ကားဆွဲတဲ့အလုပ်လည်း ကျမနဲ့မယူခင်မတည်းက သူလူငယ်ပေါက်စအရွယ်ကတည်းက ဒီကြားမှာ ကားသမားလုပ်တယ်။ အမြန်စုံစမ်းဆက်သွယ်ရရင်ပိုကောင်းမှာ။ အခုက ကျမတို့သားအမိတွေတော်တော်ဒုက္ခရောက်နေတယ်။ သူပဲရွာကျွေးနေတာ။ အခုကျမက ကလေးငယ် ၃ ယောက်နဲ့ ယောက္ခမကအသက်ကြီးပြီ။ သူ့ကိုလည်းကြည့်ရ၊ သားငယ်လေးတွေကိုလည်းကြည့်ရနဲ့ အခုသူအဲ့လိုဖြစ်သွားတော့ တော်တော်စိတ်ဆင်းရဲနေတယ်။ အမြန်စုံစမ်းရချင်တယ်။ ဟုပြောသည်။

ယခုကဲ့သို့ မထင်မမှတ်ဖမ်းဆီးခံလိုက်ရတဲ့ သားဖြစ်သူကြောင့် အသက် ၇၀ ကျော်အရွယ် မိခင်ဖြစ်သူလည်း နေ့ညငိုယိုပြီး သားဖြစ်သူရဲသတင်းစောင့်မျှော်ရင်းသာ နေနေရကြာင်းမိသားစုဝင်တွေကပြောပါတယ်။

ဒါ့အပြင် ဦးဇော်အောင်တို့ဖမ်းဆီးခံလိုက်ရပြီးနောက် ၃ ရက်အကြာ မေ ၂၀ ရက်နေ့မှာလည်း ကွတ်ခိုင်မှ အမျိုးသားတစ်ဦးကိုလည်း စစ်တပ်မှ လာရောက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ နမ့်ခိုင်စစ်တပ်ဂိတ်မှာ လူငယ် ၂ ဦးဖမ်းဆီးခံရပြီး တစ်ဦးမှာ သာမန်ပြည်သူတစ်ဦးဖြစ်သဖြင့် ပြန်လွတ်ပေးခဲ့ပေမယ့် ကျန်တစ်ဦးကတော့ KIA တပ်သားဖြစ်ကြောင်း ဖုန်းမှာပါရှိတဲ့ဓါတ်ပုံအထောက်အထားကြောင့် ဖမ်းဆီးခံလိုက်ရပါသေးတယ်။

ကွတ်ခိုင်နှင့် နမ်ဖတ်ကာကျေးရွာကြားတွင် စစ်ကောင်စီတပ် လှုပ်ရှားစောင့်ကြည့်မှုများ ပုံမှန်လုပ်ဆောင်နေပြီး KIA နှင့် PDF လူငယ်တချို့ မကြာခဏ ဖမ်းဆီးခံရမှု ရှိနေပါတယ်။

Show More

Related Articles

Back to top button