သတင်း

ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ

စစ်ကိုင်းတိုင်း ဝက်လက်နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော်ဘေးလွှတ်ရာကိုထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်း ၉နာရီလောက်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကထွက်လာတဲ့ အင်အား၇၀ကျော်ရှိတဲ့ စစ်ကြောင်းဟာ ဝက်လက်နယ်လှတောကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ Wetlet Informational Network မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ဒီနေ့မနက်ခင်းမှာ စစ်ကြောင်းစထိုးတယ် လှတောကနေစပြီး ပတ်ပတ်လည်ကရွာတွေကိုထိုးနေတာ ရွာတွေ ကိုမီးရှို့တာတော့မရှိဘူး ဒေသခံတွေကတော့ပြေးနေရတယ် ဒေသခံကတော့ ၁ သောင်းလောက်ပြေးနေရတယ်”လို့ပြောပါတယ်။

ဒေသခံတစ်သောင်းကျော်ဟာ ဝက်လက်မြို့နဲ့ ၇မိုင်ပတ်ချာလည်ကကျီးကန်တောင်ရွာ၊မြောက်ရွာ၊ပင်းဇင်း၊ တကောင်းပင်၊သဖန်းကုံး၊တိုက်ကုံး၊ ခေါတောစတဲ့ရွာတွေကဖြစ်ပြီး ဘေးလွှတ်ရာတောတွေ၊ဇရပ်၊ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာစစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဝက်လက်မှာ ဒီရက်ပိုင်းအတွင်း မိုးကြီးနေတာကြောင့်စစ်ဘေးရှောင်များအနေဖြင့်အခက်အခဲများ စွာ ကြုံနေရပြီး အကူညီများလိုအပ်နေတယ်လို့စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကအခုလိုပြောပါတယ်။

“ဒီနေ့ရာသီဥတုကြောင့် ခက်ခဲမူတွေပိုကြုံနေရတယ် မနေ့ညကတည်းကမိုးရွာတာဒီနေ့လည်းတစ်နေကုန်ပဲ ပြည်သူတွေကမိုးရွာထဲပတ်ပြေးနေရတာပေါ့ဗျာ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာတွေလို အပ်တယ်စစ်ကြောင်းကထိုးပြီဆို၅ရက်တစ်ပတ်လောက်ပတ်ထိုးတာကို”လို့ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင်၆ရက်နေ့ကရွှေပန်းကုန်းရွာကို ဈေးရောင်းဖို့သွားတဲ့ သမ္မရိုးရွာ နဲ့ ကတို့ကိုင်းကျေးရွာက ဒေသခံ ၇ဦး ကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ တွေပဲဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ၇သိန်းခွဲကျော်ဘေးလွှတ်ရာသို့အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးရုံး(UN OCHA)က ပြီးခဲ့တဲ့ လဇူလိုင်၁၃ရက်နေ့ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button