လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။

မနေ့က ညနေပိုင်း ၆နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူရွာစစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူရွာဘက်ကို ၆၀မမ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။

“သူတို့က ရမ်းသမ်းပြီးပစ်တာ ဘာမှလည်းဖြစ်နေတာမဟုတ်ပဲ မအူရွာကိုကျတာထိတာကတော့၃ယောက် ထိတာဗျ တစ်ယောက်ကတော့ကုသချိန်လည်း မရလိုက်ဘူးပွဲချင်းပြီးသေဆုံးတာပေါ့ သူတို့က အာဏာသိမ်း ပြီး ဆန္ဒပြကတည်းကဂိတ်ထိုင်ထားတာ မသင်္ကာရင်လည်းစစ်တာပေါ့“လို့ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ဒေသခံအမျိုးသမီးဟာ မအူရွာက အသက်၄၅နှစ်အရွယ်မနွယ်ဝင်းဆိုသူဖြစ်ပြီးဒဏ်ရာရခဲ့ရ တဲ့ ဒေသခံတွေကလည်း မိသားစုဝင်တွေဖြစ်တယ်လို့ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မအူရွာအနီးတစ်ဝှိုက်မှာ မနေ့ကတစ်နေ့လုံး စစ်ကြောင်းထိုးတာမရှိပေမဲ့မုံရွာအနောက်မြောက် တိုင်းစစ်ဌာနချုပ်ကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကမအူရွာကို ဒီကနေ့မနက်မှာပဲမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“နမခကနေ သံပြားကာကားကြီးတစ်စီးနဲ့လာတာ မိုင်းရှင်းဖို့လာတာ အဲ့မှာမိုင်းဆွဲခံလိုက်ရတယ် အဲ့မှာအဝေး ပြေးလမ်းမဘေး မအူရွာကအိမ်တွေကိုရှို့သွားတာ နေအိမ်၈လုံးမီးရှို့ခံခဲ့ရတယ်”လို့ပြောပါတယ်။

မအူရွာဟာ မုံရွာမြို့နဲ့ကပ်လျှက်ရှိပြီး မုံရွာ-မန္တလေး အဝေးပြေးလမ်းမကြီးဘေးကအိမ်ခြေ၁၀၀၀ခန့်ရှိတဲ့ ရွာကြီးဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ၇သိန်းခွဲကျော် ဘေးလွှတ်ရာသို့အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးရုံး(UN OCHA)က ပြီးခဲ့တဲ့ လဇူလိုင်၁၃ရက်နေ့ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button