သတင်း

တနိုင်းတွင် စစ်ကောင်စီတပ်က သိုလှောင်ထားသည့် စက်သုံးဆီများရောင်းချပြီး ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်နေ

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၁၀ ရက်ကျော်ခန့်အကြာအထိ ပိတ်ဆို့ထားပြီး ၎င်းတို့ သိုလှောင်ထားသည့် စက်သုံးဆီများကို ပြန်လည်ရောင်းချကာ ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီများ အဆမတန်စျေးနှုန်မြင့်တက်နေသည်ဟု သိရသည်။

ပြီးခဲ့သော ဇွန်လကုန်ပိုင်း ၂ ပတ်ခန့်မှစတင်ကာ တနိုင်းမြို့နယ်တွင် စက်သုံးဆီးများ၊ ရွှေမှော်သုံး စက်ပစ္စည်းများနှင့် ဆန်များကို တင်သွင်းခွင့် ပိတ်ဆို့လာခဲ့ပြီး ဇူလိုင် ၃ ရက်နေ့နောက်ပိုင်း တနိုင်းမြို့ပေါ် ရောင်းချပေးနေသည့် ဆီဆိုင်များ ဆီပြတ်လပ်မှုဖြစ်ပေါ်လာခဲ့ရကြောင်း ဒေသခံများပြောသည်။

ယခုလို ပိတ်ဆို့ပြီး ဝင်ငွေရှာဖွေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ဝန်းကျင်ခန့်က စက်သုံးဆီများကို သယ်ယူသိုလှောင်ထားခဲ့ပြီး တနိုင်းမြို့ပေါ်နှင့် အနီးတဝိုက်ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များကို ကိုယ်စားလှယ်များဖြင့် ရောင်းချပေးနေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဆီးကားတွေတော့ မဝင်တော့ဘူး။ ဒါပေမယ့် ဆီက လုံးဝပြတ်သွားတာမဟုတ်ဘူး။ သူ့ဟာနဲ့ သူက လည်နေတာပေါ့လေ။ အခုက စစ်တပ်က သူတို့သယ်လှောင်ထားတဲ့ ဆီတွေကို ကိုယ်စားလှယ်တွေနဲ့ ပြန်ရောင်းချပေးနေတာ။ ဆိုင်တွေမှာ ဆီတွေပြတ်သွားတော့ နီးစပ်ရာရောင်းနေတဲ့ နေရာတွေမှာ နည်းနည်းစီလိုက်ဝယ်ရတယ်။ အဲ့ကနေ မဝယ်ရင်လည်း ဘယ်ကနေမှ မရဘူးလေ။ ပြောရမယ်ဆိုရင် သူ့ဝင်ငွေရှာယူတဲ့သဘောပေါ့လေဟုပြောသည်။

ဇွန်လ ကုန်ပိုင်းအထိ စစ်သုံးဆီ သယ်ယူခွင့်ကို ပိတ်ဆို့မှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများသည် ဆီပုံးအသေးများဖြင့် အိမ်စီးကားများနှင့် စစ်တပ်ဂိတ်နေရာတွင် ငွေကြေးပေးဆောင်ကာ သယ်ယူနိုင်မှုများရှိခဲ့သည့်အတွက် နိုင်းမြို့အပေါ်တွင် ၂ ပတ်ဝန်းကျင်အထိ ဆီလည်ပတ်မှုရှိခဲ့သေးကြောင်း ဒေသခံများပြောသည်။

ဇူလိုင်လ ၆ ရက်နေ့နောက်ပိုင်း အဆိုပါ သယ်ယူခွင့်များကိုပါ ထပ်မံတင်းကြပ်လိုက်သည့်အတွက် တနိုင်းမြို့ပေါ်တွင် စက်ဆုံးဆီ လုံးဝပြတ်လပ်သွားပြီး လုပ်ငန်းရှင်တစ်ချို့က စစ်တပ်က ကိုယ်စားလှယ်များဖြင့် ရောင်းချခိုင်းနေသည့် သူများထံမှ  ယခင်မူလ စျေးနှုန်းထက် ၂ ဆပေးဝယ် အသုံးပြုနေရကြောင်းသိရသည်။

လက်ရှိ တနိုင်းမြို့ပေါ် တရားဝင်ရောင်းချပေးနေသည့်  ဒိုးကလေး၊ မင်းထက်သာ၊ ဟိန်းအောင်နှင့် ဆုဝေ စသည့် စက်သုံးဆီဆိုင်ကြီးများတွင် ဆီကားအဝင်များမရှိသည့်အတွက် စက်သုံးဆီပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု တနိုင်းဒေသခံတစ်ဦးက ပြောပါသည်။

အခုပြည်သူတွေဖြစ်နေတာက ဆီမရှိလို့ ဆိုင်ကယ်တွေ တွန်းမောင်းနေရတဲ့အခြေအနေဖြစ်တယ်။ ဒီမှာရှိတဲ့ ဆီဆိုင်ကြီးတွေကလည်း ဆီရောင်းချပေမယ့်ဟာ မရှိတော့ လို့ အကုန်ပိတ်ထားတယ်။ တစ်နေ့ကတော့ ဒိုးလေးဆီဆိုင်မှာ အကန့်အသတ်နဲ့ရသေးတာ။ အခု ဆိုင်တွေလည်းပိတ်ထားတယ်။ ဒီချိန်မှာက လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အချိန်ဖြစ်တယ်။ ဆီတွေပြတ်နေတော့ အရမ်းခက်ခဲနေတယ်။ စစ်တပ်ကနေ ဘယ်လို စီစဉ်နေလဲဆိုတာက ကျနော်တို့လည်း မသိဘူးဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တနိုင်းမြို့နယ်အတွင်းရှိသော ရွှေမှော်ဒေသရှိ လုပ်ငန်းရှင်များထံမှ ဝင်ငွေရရှိရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့်အပေါ်မှာ ဒေသခံပြည်သူများအတွက် ခက်ခက်ခဲခဲ  ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူကဆက်ဆိုသည်။

လက်ရှိ တနိုင်းမြို့ပေါ်တွင် စစ်သုံးဆီ တစ်လီတာရှိ တစ်ဗူးကို တစ်သောင်းကျပ်၊ တစ်ဂါလံကို ၄ သောင်းဝန်းကျင်နှင့် ဆီတစ်ပေပါတွင် ၁၂ သိန်းဝန်းအထိ ပေးဝယ်အသုံးပြုနေကြောင်း သိရသည်။

ယခုလို စက်သုံးဆီများကို ပိတ်ဆို့ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က  ပြီးခဲ့သော ဇွန် ၂၅၊ ၂၆ မှစတင်ပြီး တနိုင်း လီဒိုလမ်းပေါ်နှင့် တနိုင်းမြို့တွင်းနေရာများတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီးနောက် ဇွန်လိုင်လဆန်းတွင် စက်သုံးဆီများပိတ်ဆို့လိုက်ခြင်းဖြစ်ပါသည်။

ထို့အပြင် စက်သုံးဆီများ သယ်ယူခွင့်မပြုရန် တနိုင်းလီဒိုလမ်မပေါ်တွင်ရှိသော ရှဒူးဇွပ်၊ နန့်ဖျက်၊ အောင်ရာ၊ တနိုင်းမြို့အဝင် ၅ မိုင် စသည့် စစ်တပ်ဂိတ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့က အဝင်အထွက် စစ်ဆေးရေးတင်းကြပ်ထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button