သတင်း

ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

ကုန်ကားတွေကတက်လာလို့မရတော့ ဒီဘက်ကို လောလောဆယ် ကုန်စျေးနှုန်းတွေတော့တက်နေတယ်။ ဆန်စျေးကတော့ ၁သိန်းခွဲထိ တက်တယ် ဓာတ်ဆီကတော့တစ်ဂါလံကို ၂၅၀၀၀ အထိဖြစ်နေပြီ”လို့ ပြောပါတယ်။

နန်းယွန်းမှာ အရင်က ကြက်သွန်နီ၊ကြက်သွန်ဖြူ တစ်ပိသာစျေး ကျပ် ၃၅၀၀ ၊၄၀၀၀ ကနေ လက်ရှိ တစ်ပိသာ ၆၀၀၀၊ ၇၀၀၀ လောက်အထိစျေးတက်နေပြီ တစ်ခြားလူသုံးကုန်နဲ့ စားသောက်ကုန်တွေလည်း အဆမတန်စျေးတွေမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကားလမ်းမြေပြိုမှုဟာ လမ်းအရှည်ပေ ၁၀၀ နီးပါးနှင့် အနက်ပေ ၈၀ နီးပါး ပြိုကျသွားတာဖြစ်ပြီး လက်ရှိအသွားအလာပြတ်တောက်ပြီး အရေးပေါ်သွားလာလိုတဲ့သူတွေအတွက်တော့ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ အသက် ၄၀ အရွယ်ရှိတဲ့ နန်းယွန်းဒေသခံအမျိုးသားတစ်ဦးကအခုလိုပြောပါတယ်။

“ခရီးသည်တွေကတော့ဖြတ်လို့တော့မရဘူးဗျ။ ဆိုင်ကယ်ကတော့ဆွဲတင်ရတယ်အဲ့ဒီနေရာမှာတော့။ ပြိုထားတာလည်းတော်တော်လည်းနက်တယ်ပြောကြတယ်။ သွားဖို့လာဖို့ကတော့မလွယ်ဘူး”လို့ သူပြောပါတယ်။ လက်ရှိအဲ့ဒီပြိုကျသွားတဲ့နေရာကိုတံတားထို ဖို့ဒေတာတာဝန်ရှိသူတွေက စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အချိန်ယူ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခရီးသည်ကား၊ကုန်ကားတွေရက်ရှည် ရပ်တန့်နိုင်ပြီး နန်းယွန်း၊ပန်ဆောင်ဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တယ်”လို့ ဒေသခံတွေစိုးရိမ်နေကြရတယ်လို့သိရပါတယ်။

မိုင်ပေါင်း ၃၀ ကျော်ဝေးတဲ့ ရှင်ဗွေယန်- နန်းယွန်းကားလမ်းပိုင်းဟာ ဒုတိယ ကမ္ဘာစစ်ခေတ်တုန်းကအင်္ဂလိပ်အစိုးရ လုပ်ထားတဲ့လမ်းသာဖြစ်ပြီး မြန်မာအစိုးရခေတ်အဆက် ဆက်ပြုပြင်ထိန်းသိမ်းမှုအားနည်းတာကြောင့် မိုးရာသီကာလမှာ ပုံမှန်ကားလမ်းမြေပြိုမှုဖြစ်တတ်ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button