သတင်း

မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အမည်မသိဖုန်းနံပါတ်တွေနဲ့ ဖုန်းဆက်တာ၊မက်ဆေ့ချ်ကနေတစ်ဆင့် အကောင့်ထဲကို ငွေလွှဲပေးရမယ် လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံလာတယ်လို့ မြစ်ကြီးနားကလုပ်ငန်းရှင်တစ်ဦး ခုလိုပြောပါတယ်။

“ည၉နာရီလောက်ကို ဖုန်းခေါ်လာတာ ကျနော်က အိပ်ခါနီးပြီဆိုတော့ ဖုန်းကမကိုင်မိလိုက်ဘူး  ကျနော်က ပြန်ခေါ်လိုက်တာ ပြန်ခေါ်တော့ ဖုန်းမခေါ်နဲ့ ဆိုပြီး စာပို့လာတယ် ကျနော့ကိုခြိမ်းခြောက်တာပေါ့ ခင်ဗျားကို ကျနော်တို့စောင့်ကြည့်နေတယ်ပေါ့ မနက်ဖြန် ၉နာရီမတိုင်ခင် ပိုက်ဆံ၁၅သိန်းကို Wave Money ကနေ လွှဲပါပေါ့ ခင်ဗျားမလွှဲဘူးဆိုရင် ဖောက်ခွဲတာတွေအကြမ်းဖက်တာတွေမလုပ်ချင်ဘူးလို့ပြောတယ်”လို့ပြောပါတယ်။

ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံသူတွေဟာ သူတို့ဟာမိုးကောင်း ကာကွယ်ရေးတပ်ဖွဲ့က ဖြစ်ကြောင်း ပြောဆိုပြီးခြိမ်းခြောက်ငွေ တောင်းခံလာတာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

အခုလိုခြိမ်းခြောက်ငွေတောင်းခံမူတွေအပေါ် မိုးကောင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဘက်ကတော့ ဒီလုပ်ရပ်တွေဟာ သူတို့နှင့်လုံးဝမသက်ဆိုင်ကြောင်း မနေ့က ဇူလိုင်၁၂ရက်နေ့မှာ ထုတ်ပြန်ထားသလို မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း KNG ကိုအခုလိုပြောပါတယ်။

“ကျနော်တို့အဖွဲ့က ပြည်သူရဲ့ထောက်ပံ့မူနဲ့ဘဲရပ်တည်တာပါ ပြည်သူလူထုကိုခြိမ်းခြောက်တောင်းခံတာ ဘယ်တော့မှမလုပ်ခဲ့ဖူးဘူး ကျနော်တို့လည်းဒီကိစ္စကို တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး ဒီကိစ္စတွေကို စုံစမ်းပြီးဖော်ထုတ်နေပါတယ်”လို့ပြောပါတယ်။

အခုလို လုပ်ရပ်ဟာ ပြည်သူတွေနဲ့ကာကွယ်ရေးတပ်တွေအကြား အထင်မြင်မှား မူတွေဖြစ်အောင် လုပ်ကြံတဲ့ သဘောဖြစ်ပြီး အခုလို မိုးကောင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရဲ့အမည်ကိုသုံးပြီးငွေတောင်းခံနေတာဟာ ဒုတိယအကြိမ်ဖြစ်တယ် လို့သူကဆက်ပြောပါတယ်။

စစ်တပ်က အာဏသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်၊မြစ်ကြီးနား၊ မိုးကောင်း စတဲ့မြို့နယ်တွေမှာ PDF အမည်ခံပြီး ငွေကြေးတောင်းခံတာ ဆက်တိုက်ဖြစ်လာနေပါတယ်။

By; Am

Show More

Related Articles

Back to top button