လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝက်လက်မှာကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦးသတ်ဖြတ်ခံရ၊နေအိမ်၂၀၀နီးပါးကိုမီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ဘက်ခြမ်း ရထားသံလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ကြာစစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၂၀၀နီးပါးမီးရှို့ခဲ့တဲ့အပြင် ကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့မနက်ပိုင်းကနေ မနေ့ကညပိုင်းအထိ ဝက်လက်နယ်တောင်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းပတ်ထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေပါသတ်ဖြတ်ခံခဲ့ရတာလို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၁၂ ရက်နေ့က သာလိုင်းရွာကိုစဝင်တာပေါ့ အသက် ၇၀ကျော်အဘိုးကြီး တစ်ယောက်ကိုပစ်သတ်သွားတယ် အဲ့ဒီနောက် ၁၃ရက်မနက်ကျတော့ သုံးဆင့်ကန်ရွာကိုရောက်ပြီးမီးရှို့တယ် အိမ်ခြေ ၁၈၀ကျော်ပါသွားတယ်ပင်စင်ကျောင်း ဆရာလည်းမီးထဲပါသွားတယ်” လို့ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ပေါက်ကန်ရွာကို ထပ်မံဝင်ရောက်ကာနေအိမ်၁၀လုံးခန့်မီးရှို့ဖျက်ဆီးခဲ့ပြီး ထန်ကြီးရွာမှာ ညအိပ်တပ်စွဲခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီကနေ့ဇူလိုင်လ၁၄ရက်နေ့မနက်ပိုင်းမှာတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ် စစ်ကိုင်းနယ်ထဲကခက်ခရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်ကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ သိရပါတယ်။

ဝက်လက်မှာ ရွာတွေကို စစ်ကောင်စီတပ်က တစ်လကို ၃ကြိမ်လောက်စစ်ကြောင်း ထိုးနေတဲ့အတွက် မိုးကျတဲ့အချိန်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေပိုမိုခက်ခဲလာတယ်လို့ ဝက်လက်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ လောလောဆယ်စစ်ကြောင်းကလည်း စိပ်တဲ့အတွက် ဒေသခံတွေစစ်ရှောင်ရတာ ပိုပင်ပန်းတယ် မိုးကလည်း ဆက်တိုက်ရွာတော့ ပိုပင်ပန်းသလိုပိုခက်ခဲလာတယ်။ စာရေးသောက်ရေးက ခက်တယ်လေ ဒီမှာကတစ်လကို ၃ကြိမ်လောက် စစ်ကြောင်းတွေဝင်နေကြတာ” လို့ပြောပါတယ်။

Photo- မီးရှို့ခံရတဲ့ပေါက်ကန်ရွာ
Photo- မီးရှို့ခံရတဲ့ပေါက်ကန်ရွာ

ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား၈၀ကျော်ရှိပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်၉ရက်နေ့က ရွှေဘိုနယ် လေ့ကျင့်ရေး၈တပ်ကနေ ၁၂ဘီးကားနဲ့စတင်လာခဲ့တဲ့စစ်ကြောင်းဖြစ်တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၆ရက်နေ့ကလည်း ဝက်လက်နယ်အရှေ့ခြမ်းက ရွှေပန်းကုန်း ကျေးရွာကိုဈေးရောင်းဖို့သွားတဲ့ သမ္မာရိုးရွာနဲ့ကတို့ ကိုင်းရွာ  ဒေသခံ ၇ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၆ရက်နေ့ကမြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)ကထုတ်ပြန်ထားပါတယ်။

 BY; AM

Show More

Related Articles

Back to top button