သတင်း

ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။

“Viber ဖောက်ထားတဲ့ဆိုင်တွေကို Viber က ခြိမ်းခြောက်စာပို့တယ်၊ Viber မဖောက်ထားတဲ့ဆိုင်ကို ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်၊ ငွေတောင်းခံရတဲ့ဆိုင်က ဒီရက်ပိုင်းတင် ၁၀ဆိုင်အထက်ရှိလာပြီ”  လို့ ပြောပါတယ်။

ခြိမ်းခြောက်ငွေတောင်းသူတွေဟာ  ဆိုင်တစ်ဆိုင်ကို သိန်းရာချီတောင်းနေပြီး ငွေမလွှဲပေးပါက ပစ်ခတ်မှုအထိ ဖြစ်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့လကုန်ပိုင်း မြို့မလဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးသိန်းလွင်ပြန်လည်လွှတ်မြောက်လာဖို့ ကူညီပေးမယ်ဆိုပြီး ပွဲစားလုပ်ပေးတဲ့ ပျူခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဒီလထဲမှာ ကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးလိုက်ပါတယ်။

ဗိုလ်စောမောင်ဖမ်းခံလိုက်ပြီးနောက် တစ်ပတ်အကြာမှာဘဲ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းကနေခြိမ်းခြောက်ငွေတောင်းတဲ့အဖွဲ့ ထပ်ပေါ်လာတဲ့အတွက် ဒေသခံတွေ၊စျေးသည်တွေအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့တော့ ပြည်သူများအပေါ် ခြိမ်းခြောက်ငွေညစ်နေတဲ့ ပျူစောထီးနာမည်ခံထားတဲ့အဖွဲ့နဲ့ ပစ်ခတ်ရေးနာမည်ခံထားတဲ့အဖွဲ့အားလုံးကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“သူတို့က တစ်ဖွဲ့တည်းလို့ မဆိုနိုင်ဘူးဗျ၊ ခုက အွန်လိုင်း ငွေညစ်မှုတွေပေါ့၊ အမြန်ဆုံး ဖမ်းနိုင်အောင် ကြိုးစားနေပါတယ်”လို့ ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လက်ရှိဖားကန့်မှာ ပြန်ပေးဆွဲငွေခြိမ်းခြောက်တောင်းခံနေသူတွေဟာ စီးပွားရေးအင်အားရှိတဲ့ Bar တွေ၊ ဟိုတယ်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်ကြီးတွေဆီမှာ ခြိမ်းခြောက်တာမရှိဘဲ စျေးသည်များကိုသာ ပစ်မှတ်ထားတောင်းခံနေတာပါ။

ဖားကန့်မြို့နယ်မှာ စစ်တပ်/ရဲ၊ KIA၊ PDF နှင့် ရှမ်းနီလက်နက်ကိုင်တို့ လှုပ်ရှားရာနယ်မြေဖြစ်တဲ့အတွက် ဒီပြန်ပေးဆွဲငွေခြိမ်းခြောက်တောင်းခံနေရတဲ့ကိစ္စကိုလည်း ဖြေရှင်းပေးကြဖို့ ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button