ဆောင်းပါးသတင်း

လုပ်ငန်းရှင်တွေ ပစ်မှတ်ထားဖိနှိပ်လာတဲ့ဖားကန့်

“ဖမ်းသွားတဲ့ စက်တွေက သိန်း ၁၇၀၀၀ နဲ့ပြန်ရွေးလိုက်ရတယ် အခုတော့ဘာမလုပ်တော့ဘူးဗျ နားလိုက်ပြီ” ဒါကတော့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ၆ နှစ်ကျော်လုပ်လာပြီးမှ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းရပ်နား သွားတဲ့ လုပ်ငန်းရှင်တစ်ဦးပြောပြသွားတာပါ။

သူရဲ့အမည်နာမကိုတော့လုံခြုံရေးကြောင့်ဖော်ပြခွင့်မပေးထားပေမယ့် အမည်လွှဲကိုဌေးလို့သုံးခွင့် ပေးထား ပါတယ်။ကိုဌေးက ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ငန်းလုပ်လာတာ ၆နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီဝင်စီးခံရပြီးနောက် စက်ယန္တရားအသိမ်းခံလိုက်ရတာကြောင့်  လုပ်ငန်းနားထားတာ ၂လကျော်ပြီလို့သူကပြောပါတယ်။

ကမ္ဘာကျော်ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်ဒေသဟာ စစ်တပ်အာဏာမသိမ်းမှီတုန်းကတော့ အခြေခံလူတန်း စားတွေ၊ သူဌေးလောင်း၊ လောပန်းလောင်ဖြစ်ချင်တဲ့ လူငယ် လူရွယ်တွေတွက် အိမ်မက်ကိုအကောင် အထည်ဖော် နိုင်မယ့် မြန်မာပြည်ထဲက တစ်ခုတည်းသော နေရာလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ သူဌေးလောင်း၊လောပန်းလောင်းဖြစ်ချင်တဲ့ လူငယ်လူရွယ်တွေရဲ့အိမ်မက်တွေပျောက်ဆုံးခဲ့ရတဲ့အပြင် ဖားကန့်မှာ အာဏာမသိမ်းမှီကတည်းက အောင်မြင်နေတဲ့ ကျောက်စိမ်းလုပ်ငန်းရှင်ကြီးတွေတောင် နေ့မြင်၊ ညပျောက်ဆိုသလိုများအပြား လုပ်ငန်းရပ်ဆိုင်းသွားကြပြီး လက်ရှိလုပ်နေဆဲ လုပ်ငန်းရှင်တွေလည်း စစ်ကောင်စီရဲ့ နည်းမျိုးစုံဖိနှိပ်ခံရမှုတွေကြောင့် လက်ရှိလုပ်ငန်းရှင်တွေဟာ “စုပ်လည်းဆူး စားလည်းရူး” ဆိုတဲ့အဖြစ်နဲ့ရင်ဆိုင်နေကြရပါတယ်။

ဖားကန့်မှာ ၂၀၂၂ သြဂုတ်လ ၁၇ ရက်နေ့က ထိပ်တန်းကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဌလည်း ဖြစ်တဲ့ ဦးကျော်သူရကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေအားလုံး သိမ်းလိုက်ပါတယ်။

စစ်ကောင်စီဟာ ဦးကျော်သူရကို NUG၊ CRPHနှင့် စစ်ကိုင်း၊ချင်း၊ကချင်၊ မကွေးတိုင်းထဲက PDF၊ CDM တွေကို ထောက်ပံ့နေတဲ့ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဦးကျော်သူရဖမ်းဆီးခံရပြီး နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလိုစစ်ကောင်စီဟာ ဖားကန့်ဒေသထဲက ၎င်းတို့အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ် ထားတဲ့သူတွေနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းရှင်တွေကိုဖော်ထုတ်ပြီး ငွေတောင်းခံတာ၊ စက်ယန္တရားတွေ ဖမ်းဆီးတာတွေဆက်တိုက်လုပ်ဆောင်လာပါတော့တယ်။

စာရေးသူရရှိထားတဲ့အချက်အလက်အရပြောရရင် ကိုဌေး( အမည်လွှဲ) ရဲ့စက်ယန္တရားကြီးတွေသိမ်းစည်းခံရတာ၊ တောက်ပကြယ်ကုမ္ပဏီထဲက စက်ယန္တရား‌တွေ သိမ်းခံရတာ၊ ကျော်နိုင်နဲ့ညီကုမ္မဏီဝင်စီးခံရတာအပြင် အခြားသောကျောက်မျက်ကုမ္ပဏီတွေရဲ့ စက်ယန္တရားတွေသိမ်းဆည်းခံရတာတွေဟာ ဦးကျော်သူရဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ဖိနှိပ်လာနေတာဖြစ်ပါတယ်။

“ဦးကျော်သူရဖမ်းခံရပြီးနောက်ဆက်တွဲဒီနောက်မှာပေါ့နော် လူတွေမပါပေမယ့် ကားတွေဝင်စီးပြီးသိမ်း တာမျိုးတွေရှိတယ်။ ဘတ်ဖိုးတွေဖမ်းတာမျိုးတွေ တချို့ကုမ္ပဏီ တွေမှာရှိတာပေါ့ လူတွေမပါပေမယ့် ပိုင်ဆိုင်မှုသိမ်းတာမျိုးတွေတော့အများကြီးရှိခဲ့တယ်။” လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ တော်လှန်ရေးနဲ့ဆက်နွယ်မှုရှိလို့ဆိုပြီး ဒုတိယမြောက်ဖမ်းဆီးခံထားရသူကတော့ဇူလိုင်လ ၁၄ ရက်နေ့က ဖားကန့်ဒေသမှာနာမည်ကြီးတဲ့ SKY KTV နှင့် ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ ဦးအိုက်ရီထပ်မံဖမ်းဆီးခံလိုက်ရမှုပဲဖြစ်ပါတယ်။

SKY KTVမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသောက်စား ပျော်ပါးနေကြတဲ့အချိန် လက်နက်ကိုင်လူတစ်စုကဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်တပ်အရာရှိတစ်ဦးအပါ ငါးဦးသေဆုံးခဲ့ပါတယ် ဒါကြောင့် စစ်ကောင်စီတပ်ဟာ ဦးအိုက်ရီကို တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဆိုပြီး ဒီလထဲ မြစ်ကြီးနားလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ် ပါတယ်။

ဦးအိုက်ရီဖမ်းဆီးခံရပြီးနောက်မှာတော့ ကျော်မျက်လုပ်ငန်းရှင်အတော်များများဟာ ဖားကန့်မှာမနေရဲကြတော့ပဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းကို မှော်စီဆာက ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးပြောတာက ” ကျွန် တော်အပါပေါ့ဖားကန့်မှာမရှိတော့ဘူး ဦးအိုက်ရီဖြစ်စဉ်ဖြစ်ပြီးကတည်းက သူတို့က ဟုတ်လည်းဖမ်း မဟုတ်လည်း ဖမ်းဆိုသလိုဖြစ်လာတာလေး လုပ်လည်းဘာထူးမလဲ ခနနေဝင်စီးမလား ခနနေစက်သိမ်းသွား မလားကိုယ့်ကိုပဲလာဖမ်းသွားမလားပေါ့ ရင်တထိတ်ထိတ်ဖြစ်နေရတာ” ဒါကတော့ လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဖားကန့်ဒေသကိုစွန့်ခွာသွားတဲ့လုပ်ငန်းရှင်တစ်ဦးပြောပြတာပါ။

ဖားကန့်ဒေသမှာ စစ်အာဏာသိမ်းပြီးနောက် အရင်ဆုံးစစ်ကောင်စီတပ်တွေ ဖမ်းဆီးဖိနှိပ်တာက အရပ်သားတွေ နဲ့ ရေမဆေးသမားတွေကို လူသားဒိုင်းအတွက်အစုလိုက်အပြုံလိုက်ဖမ်းဆီးတာ တော်လှန်ရေးနဲ့ပတ်သက် ဆက်နွယ်တယ်ဆိုပြီး ရွာလုံးကျွတ် ဖမ်းဆီးတာ ၊ မီးရှို့တာတွေကို ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးလုပ်ခဲ့ရာကနေ ၂၀၂၂ နှစ်ကုန်ပိုင်းကနေစပြီးတော့ လုပ်ငန်းရှင်တွေဘက်ကိုပစ်မှတ်ထားဖိနှိပ်လာနေတာလည်းဖြစ်ပါတယ်။

“အဓိကတော့သူတို့က ဒီလုပ်ငန်းရှင်တွေက တော်လှန်ရေးအတွက် နောက်တန်းလို့သူတို့ယူဆပုံရတယ် လုပ်ငန်းရှင်တွေ က တော်လှန်ရေးတွက်တစ်ထောင့်တစ်နေရာကနေထောက်ပံ့တယ်ဆိုပြီး ယူဆလို့သူတို့က လုပ်ငန်းရှင်တွေကိုအကြပ် အတည်းဖြစ်အောင်လုပ်နေတာဖမ်းပြတယ်ဆိုတာလည်း သူတို့ဖမ်းပြီးဒီလိုလုပ် လိုက်ရင်နောက်လုပ်ငန်းရှင်တွေ တော်လှန်ရေးအင်အားစုနဲ့မပတ်သက်ရဲအောင်အကြောက်တရားသွင်းတာ တစ်ခုတ်နှစ်ချက်ပြတ်ပေါ့” ဒါကတော့ ဖားကန့်ဒေသကနေတော်လှန်ရေးမှာပါဝင်နေတဲ့ တက်ကြွလှုပ်ရှားအမျိုးသားတစ်ဦးသုံးသပ်ပြောဆိုထားတာပါ။

ဖားကန့်မှာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကျောက်မျက်ဥပဒေအရ ကျောက်စိမ်းလုပ်ကွက်များအား အလတ်စား ၅ ဧက၊ အသေးစား ၃ ဧကနဲ့ လက်လုပ်လက်စား ၁ဧက ဆိုပြီး လုပ်ကွက်များကိုသာ ချပေးပြီး အကြီးစားလုပ်ကွက်များ ချထားပေးခြင်းမရှိခဲ့ပေ။

ဖားကန့်ရတနာမြေတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ သက်တမ်းကျန်ရှိနေသေးတဲ့ အကြီးစားလုပ်ကွက်များမှာ ၁၈၀ ကျော်နှင့် အကျိုးတူလုပ်ကွက် ၃ခုထိသာ ရှိတာဖြစ်ပါတယ်။

ထို့ပြင် NLD အစိုးရလက်ထက် ဖားကန့်ကျောက်စိမ်းတူးဖော်မူအား ၂၀၁၉ ခုနှစ်မှစကာ ကိုဗစ်ရောဂါကြောင့် ကျောက်တူးဖော်မူကို ပိတ်ပင်ထားခဲ့ပါတယ်။

သို့သော် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ စစ်ကောင်စီတပ်ဆီမှာ အခွန်ဆောင်တဲ့ကျောက်လုပ်ကွက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ အခွန်ဆောင်တဲ့ကျောက်စိမ်းလုပ်ကွက်တွေ ဒုနဲ့ဒေးဆိုသလို ကျောက်တွေကို ပြန်လည်တူးဖော်လာကြပြီး ကျောက်တူးဖော်မူတွေကို ည ၄နာရီမှ မနက် ၅နာရီအတွင်း စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေစပြီး စစ်တပ်ဟာ KIO,KIA,NUG ,CRPH, ပတ်သက်ဆက်နွယ်မှုသံသယရှိယုံနဲ့ မတရားဖမ်းဆီးတာ ပိုင်ဆိုင်မှုသိမ်းတာတွေကြောင့် ဖားကန့်လုပ်ငန်းရှင်တွေများ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာကြပြီး ကျောက်စိမ်းတူးတဲ့အလုပ်ကို ရပ်နားထားရတဲ့သူတွေများစွာရှိလာနေတယ်လို့လည်း သိရပါတယ်။

Show More

Related Articles

Back to top button