သတင်း

ဖားကန့်မှာတစ်လအတွင်း ခိုးဆိုးလုယက်ခံရမှု ၉ ကြိမ်ရှိလာ

ဖားကန့်မှာ ဇူလိုင်လ တစ်လအတွင်း KNG သတင်းဌာနရဲ့ စုစည်းထားတဲ့ အချက်အလက်အရ ခိုးဆိုးလုယ်မှု၊ပစ်ခတ်မှု၊ဖမ်းဆီးခံရမှု  ၉ ကြိမ်ရှိခဲ့ပါတယ်။

ဒီလိုခိုးဆိုးလုယက်‌မှု‌တွေများလာပေမယ့် ဖားကန့်မြို့နယ်ထဲက တာဝန်ရှိအဖွဲ့အစည်းအစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးတာတွေမရှိတဲ့အတွက်  ပြည်သူတွေ အချင်းချင်းသာ အားကိုးနေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ခုက အချင်းချင်းဘဲ အားကိုးနေကြရတာ တစ်ခုခုဖြစ်ရင် အော်ကြနော် ကူညီပေးကြအုံးဆိုတာတွေဘဲ ဖြစ်လာနေပြီ။ ကူပေးမယ် အားကိုးရမယ့် အဖွဲ့အစည်းကို မရှိတော့ဘူးလို့ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဖားကန့်မြို့ မီးသတ်အရာရှိတစ်ဦးဖမ်းဆီးခံရမှု၊ ဇူလိုင်လ ၈ ရက်နေ့ ရှင်းရင်ဟိုတယ်ပိုင်ရှင်ပစ်သတ်ခံရမှု  ဇူလိုင် ၁၈ ရက်နေ့ မှော်ဝမ်းငါးပစ်ဂိမ်းမှာ ဆိုင်မန်နေဂျာတစ်ဦးပစ်သတ်ခံရမှု ၊ဇူလိုင် ၂၄ ရက်နေ့ လုပ်ငန်းရှင်တွေကို ပစ်ခတ်ရေးအဖွဲ့ဆိုပြီး ငွေခြိမ်းခြောက်တောင်းခံရမှုနဲ့ စဗျစ်ခူးအုပ်ချုပ်ရေးမှုး ပစ်သတ်ခံရမှုအပြင် နမ့်မဖြစ် ခါနန်စားသောက်ဆိုင်နား အရပ်သားတစ်ဦး ဓါးပြတိုက်ခံရမှု  ၊ဇူလိုင် ၂၇ ရက်နေ့ လုံးခင်း အမိန့်အရက်ဆိုင် ပိုင်ရှင်ပစ်ခတ်ခံရမှုနဲ့ ဆိုင်းတောင်ရပ်ကွက် ခရစ်ယာန်သင်းအုပ်ဆရာ ဓါးထိုးလုယက်ခံရမှု၊ ဇူလိုင်လ ၂၈ ရက်နေ့ မမုံရွာမှာ လမ်းသွားလမ်းလာပြည်သူတွေ ဓါးပြတိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

လက်ရှိဖားကန့်မှာ ခိုးဆိုးလုယက်နေသူတွေ၊စျေးဆိုင်အတွင်း ဝင်စီးခံနေသူတွေဟာ အသက် ၂၀ ဝန်းကျင်ရှိတဲ့လူငယ် တွေဖြစ်ပြီး လမ်းသွားပြည်သူများအား လမ်းခုလတ်မှာတားပြီးလုယက်တာတွေအပြင် နေအိမ်ထိဝင်ရောက်စီးနင်းတာ  အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ နည်းအမျိုးမျိုးလုပ်ဆောင်လာနေတယ်လို့လည်း  မှော်စီဇာရပ်ကွက်မှာနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဖားကန့်မှာဖြစ်နေတဲ့အရာတွေက ပြောစရာစကားမရှိတော့ဘူး ဘာလို့လဲဆိုရင် ခိုးဆိုးလုယက်သတ်ဖြတ်တာတွေက တစ်နေ့တစ်နေ့ များလာနေတာ ဘယ်သူမှလည်း မထိန်းချုပ်နိုင်တော့ဘူး အဲတော့ခုနောက်ပိုင်းဆိုရင် ဘယ်မှာဘဲနေနေ လုံခြုံတဲ့နေရာကို မရှိလာဘူး။အိမ်ထဲနေလည်း ဝင်စီးခံရ လမ်းသွားလည်း စိုးရိမ်ရဖြစ်နေတယ် နည်းမျိုးမျိုးနဲ့ကို လုပ်နေကြတာလို့ပြောပါတယ်။

ဖားကန့်ဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေစပြီး အရပ်သားတွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ခဲ့သလို  ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး  ပြန်ပေးဆွဲခံရမှု၊ ခိုးဆိုးလုယက်မှုတွေက သိသိသာသာမြင့်တက်လာတာလည်းဖြစ်ပါတယ်။

ဒီအရာတွေအားလုံးဟာ စစ်တပ်က လုပ်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

ကျနော်တို့ကြားရတဲ့သတင်းအရ ဒီကိစ္စရဲ့နောက်ကွယ်မှာ စစ်တပ်ကရှိနေတယ် ဖားကန့်မှာ လုပ်ငန်းရှင်တွေ ခြိမ်းခြောက်ငွေတောင်းခံရတာက လုပ်ငန်းရှင်တွေမနေရဲအောင် တမင်ဖန်တီးနေတာလို့မြင်တယ်လို့ပြောပါတယ်။

KNG သတင်းဌာနရဲ့စုံစမ်းထားချက်အရ ပြီးခဲ့တဲ့ ဇွန်လ မြို့မလဖက်ရည်ဆိုင်ဦးသိန်းလွင်ဖမ်းဆီးခံရမှုနောက်ပိုင်း ဦးသိန်းလွင်ပြန်လည်လွှတ်မြောက်လာရေးအတွက် ပွဲစားလုပ်ပေးတဲ့ ပျူခေါင်းဆောင်ဆိုသူ ဗိုလ်စောမောင်သူရဲ့ထွက်ဆိုချက်အရ ပြန်ပေးဆွဲမှုတွေမှာ ဆယ်ဇင်းက စစ်ကောင်စီတပ် ဗိုလ်မှုးမင်းထက်အောင်ဆိုသူပါဝင်ကြောင်း ထွက်ဆိုထားပါတယ်။

ဖားကန့်ဒေသဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု ၅၀ ရာခိုင်နှုန်းခန့်ရှိသလို KIA  PDF တို့ရဲ့ ထိန်းချုပ်မှုကလည်း ၅၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ဆိုနိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒီခိုးဆိုးလုယက်မှုတွေအားလုံး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ကိုလည်း အရပ်သားပြည်သူတွေက မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button