သတင်း

စစ်ကောင်စီတပ်က စင်းခန်းရွာကနေ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာတံတားထိပ်ကနေ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့လို့  ကျေးရွာတွင်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ စင်းခန်းဒေသခံတွေက ပြောပါတယ်။

စင်းခန်းကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်ကနေစပြီး စင်းခန်းတံတားထိပ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းနေရာတွေကို လက်နက်ကြီး ၅ လုံး ပစ်ချခဲ့တယ်လို့ ဆင်းခန်းကျေးရွာအနီးနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဧရာဝတီမြစ်ဟိုဘက်ကမ်းနားမှာလည်းကျတယ် ဒီဘက်ကမ်းမှာလည်းကျတယ် တစ်လုံးကတော့ နှစ်မျက်နှာတောင်ပေါ်ကိုကျတယ်။ တစ်လုံးက ဧရာဝတီမြစ်လယ်ခေါင်မှာကျတယ်ပြီးတော့ တစ်လုံးက ကြိမ်နီကျေးရွာနားမှာကျတယ်လို့ သူကပြောပါတယ်။

အဲဒီစစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ၅ လုံးဟာ ဧရာဝတီမြစ်ထဲနဲ့ ကြိမ်နီရွာနားမှာ ကျရောက်ခဲ့တာကြောင့် အရပ်သားထိခိုက်သူမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ခုလို စစ်တပ်အနေနဲ့တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ တစ်ဖက်သတ်လက်နက်ကြီးပစ်ခတ်နေတာဟာ မန်းလေးကနေ စက်တင်ဘာလ ၉ ရက်နေ့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာနေတဲ့ စစ်ကောင်စီသင်္ဘော ၆ ကို လုံခြုံရေးယူပေးဖို့ ကြိုပြီးလမ်းကြောင်းရှင်းချင်တဲ့သဘောဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုသင်္ဘောက ကချင်ဘက်နဲ့နီးလာပြီလေ အဲတော့ သင်္ဘောမဝင်လာခင် ခြိမ်းခြောက်ထားတဲ့သဘောဟုတ်တယ်လို့ကြိမ်နီဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘော ၆စီးဟာ မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ဆန်တက်လာနေပြီး လက်ရှိ ထီးချိုင့်နယ်ထဲရောက်ပြီလို့သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေဟာ စစ်သင်္ဘောတက်လာတိုင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိသလို အရပ်သားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်တာ ပုံမှန်ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီမနက်မှာလည်း စင်းခန်းရွာ လက်နက်ကြီးတွေပစ်ခံရပြီးတဲ့နောက် စင်းခန်းရွာနဲ့ရွှေကူနယ်တစ်ကြောက အရပ်သားပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်သွားကြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ  ဗန်းမော်မြို့နယ်တစ်ချို့နေရာတွေနဲ့  ရွှေကူမြို့နယ်ထဲမှာတော့ မြို့နဲ့အလှမ်းဝေးတဲ့ကျေးရွာဘက်တွေမှာ ဒီနေ့ မနက်ပိုင်းကနေစပြီး MPT Ooredooနှင့် Mytel ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး Telenor တစ်ခုထဲသာ ဆက်သွယ်လို့ရနေတယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button