ငြိမ်းချမ်းရေးဆွေးနွေးမှုစစ်ပြေးဒုက္ခသည်များသတင်း

ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ

မြစ်ကြီးနားဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။

ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့ နေထိုင်တဲ့ နေရာ အခက်အခဲတွေရှိနေတဲ့အပြင် အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေ ကူညီထောက်ပံပေးဖို့ လိုအပ်နေတယ်လို့ ဒေါ့ဖုန်းယန် စစ်ရှောင်တာဝန်ခံတစ်ယောက်က KNG ကိုပြောပါတယ်။

အဓိကလိုအပ်နေတာက ရေချိုးခန်း အိမ်သာအခက်အခဲရှိတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေ ဆိုပြီးခွဲခြားထား တာရှိပေမယ့် ရေချိုးခန်းမလောက်တော့ ရေအတူချိုးလိုက်ရတဲ့အခြေအနေတွေလည်းဖြစ်နေတယ်။ နောက်ပြီး အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ အခြားအမျိုးသမီးတွေ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ပြောပါတယ်။

စစ်ရှောင်တွေဟာ နေရာထိုင်ခင်းအခက်အခဲကြောင့် အဆောက်အဦးတစ်ခုထဲမှာဘဲ မိသားစု အစုလိုက် အပြုံလိုက် တိမ်းရှောင်နေကြတာဖြစ်တဲ့အတွက် အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေအတွက်လည်း နေ့စဉ်လူမှုနေထိုင်ရေးမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေါ့ဖုန်းယန်စစ်ရှောင်က ဆက်ပြောပါတယ်။

ပြီးရင်နောက်တစ်ခုက နေရာအခက်အခဲလည်းဖြစ်တယ်။ အခန်းခွဲပေးတာတွေလည်းမလုပ်ပေးနိုင်သေးဘူး။ အဲ့ကြောင့် အခုက မိသားစု တစ်စုနဲ့ တစ်စုပေါင်းနေရတယ်။ အဲ့လိုပေါင်းနေတဲ့အခါကြတော့ အရွယ်ရောက်လာတဲ့ လူငယ်တွေက ရှက်တာတော့ရှိကြမှာပဲ။ ဒါပေမယ့် ဒီအချိန်မှာက အဆောက်အဦးတွေ ဆောက်နိုင်မယ့် အနေအထားမှာလည်း မရောက်သေးဘူးလို့ပြောပါတယ်။

ဒေါ့ဖုန်းယန်ထဲမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက ကျေးရွာအနီးတဝိုက်တွေမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ ခလား၊ နောင်ဝမ့်၊ ဒိန်ဂျန်နဲ့ ဒိန်ဂျာ စတဲ့ ရွာ ၄ ခုက စစ်ရှောင် အိမ်ထောင်စု တစ်ရာကျော်ရှိတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလ ၂ ကျော်လောက်ကြာမြင့်လာပြီဖြစ်ပေမယ့် စစ်ရှောင်အကူအညီတွေ မရှိတဲ့အပြင် အပြင်ထွက်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ပြတ်တောက်သွားတဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ အကူအညီလိုအပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ့ဖုန်းယန်ထဲမှာရှိတဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ နေရာအခက်အခဲကြောင့် စစ်ရှောင်လူမှုကူညီရေးအဖွဲ့အစည်းတွေကနေ အရင်က ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦးနေရာနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်နေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီစစ်ရှောင်တွေထဲမှာ နားမကြားတဲ့ အသက်ကြီးရွယ်အို ၆ ယောက်လည်းပါဝင်ပြီး စစ်ရှောင်တစ်ရာကျော်ထဲမှာ အမျိုးသမီး ၆၀ ကျော်က နေရာအခက်အခဲကြောင့် အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နေစဉ်လူမှုနေထိုင်ရေး ပြဿနာအခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ့ဖုန်းယန် နဲ့ နွယ်လန့်ကြားမှာရှိတဲ့ အူထန်ယန်ကျေးရွာ ဒေသခံပြည်သူတွေကလည်း နွမ်လန့်ရွာမှာ လာရောက်တိမ်းရှောင်နေကြပြီး လက်ရှိမှာ လုပ်ငန်းအခွင့်အလမ်းတွေပြတ်တောက်သွားတဲ့အတွက် အစားအသောက်အခက်အခဲဖြစ်နေတယ်လို့ အူထန်ယန်ဒေသခံ အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။

ဒီကို မတိမ်းရှောင်းလာတုန်းကတော့ ဟင်းသီးဟင်းရွက်တွေခူးစား ရောင်းစားတယ်။ ပြီးရင် တောင်ယာ လုပ်ငန်းတွေ မှာလုပ်ရင်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြီးနေရတာဟုတ်တယ်။ အခုပြေးလိုက်ရတဲ့ ၂လလောက်ကနေ ဝင်ငွေတွေလည်းမရှိတော့ ကုန်စျေးနှုန်းတွေလည်းတက်တော့ တစ်ချို့မိသားစုတွေဆိုရင် ဆန်ပြုတ်စားရတဲ့အထိဖြစ်တယ်။ အဓိကလိုအပ်နေတာက အစားအသောက်ပါပဲလို့ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲမဖြစ်ခင် မိမိတို့ရဲ့ ဒေသမှာ စိုက်ပျိုးထားတဲ့ တောင်ယာလုပ်ငန်းတွေကို နေရပ်ပြန်ပြီး သွားရောက်လုပ်ကိုင်ချင်ဖို့ဆန္ဒရှိပေမယ့် စစ်ကောင်စီဘက်နေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေအပြင် လူသားဒိုင်းဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဒေါ့ဖုန်းယန်ဒေသမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နွမ်လန့်၊ မြို့သစ်၊ အူထန်ယန် စတဲ့ ကျေးရွာတွေမှာ ဗန်းမော်ဘက်နေ စစ်အင်အားတိုးချဲ့လာတိုင်း လမ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ နှစ်ရှည်တိမ်းရှောင်ကြရမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဟာ KIO ဗဟိုဌာနချုပ်ရဲ့ ခြုံရေးနယ်ဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို ဗန်းမော်၊ မြစ်ကြီးနာ ဘက်က ကုန်းကြောင်း၊ ရေကြောင်း အသုံးပြုပြီးတော့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာတင်မကဘဲ လက်နက်ရိက္ခာ အပြည့်တင်ဆောင်လာတာကြောင့် မြစ်ကြီးနား – ဗန်မော်လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၃ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button