တိုက်ပွဲသတင်း

တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်တွေရဲ့ ဂိတ်စခန်းတွေကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်တိုက်ပွဲ  နာရီကြာပြင်းထန်ခဲ့တယ်လို့ Voice of Taze- VOT က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ရွှေဒေါင်းမင်း (စက်သုံးဆီ ၊ ဆန်စက် )ထဲမှာ ခွေးတွေအထိုင်ချထားတာ ကြာပါပြီ ၊ လဝက ရုံးထဲမှာရော ရှိပါတယ် အဲ့နှစ်နေရာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကဝင်တိုက်တာပါ ၊ ခွေး အကောင် ၂၀ အထက်သေပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် အသက်ပေးခဲ့ရပါတယ် လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟာ ရွှေဘိုခရိုင်တပ်ရင်း ၆ က တပ်ဖွဲ့ဝင်ဖြစ်တယ်လို့သိရပြီး တိုက်ပွဲဟာ တန့်ဆည်မြို့ရဲ့ အနောက်ဘက်ခြမ်း မြို့ပေါ်မှာပဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့ နောက်မှာတော့ စစ်ကောင်စီတပ်ဘက်ကတိုက်ပွဲဖြစ်ခဲ့တဲ့ နေရာအနီးတစ်ဝိုက်ကို အင်အားတွေဖြည့်တင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖြစ်တာက မြို့ထဲလို့ပြောလို့ရပါတယ် စစ်ဆေးရေးလုပ်တာတော့မရှိဘူး အင်အားတွေတိုးပြီး ရှင်းလင်းတာတွေလုပ်နေတယ် မြို့ပေါ်ကိုတော့ ဒေသခံတွေအကုန်အပြင် မထွက်ရဲသေးဘူး လို့ ပြောပါတယ်။

ဒါ့အပြင် တန့်ဆည်ဘက်ကိုဦးတည်ပြီးတော့ ရေဦးမြို့နယ် အောင်သာယာရွာဘက်က ပျူစောထီး အင်အား ၈၀လန့်တက်လာနေတယ်လို့လည်း Voice of Taze – VOT ကသတင်းထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့ကလည်း တန့်ဆည်မြို့အနောက်ဘက်မှာ မီတာကြေးကောက်ဖို့ ကင်းလှည့် နေတဲ့ စစ်ကောင်စီကား ၃စီးကိုလည်း ကာကွယ်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ သေးပြီး စစ်တပ်ဘက်က ၂ ယောက်သေဆုံးခဲ့သလို ကားတစ်စီးလည်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button