သတင်း

ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

စစ်ရှောင်စခန်းက မသန်စွမ်းသူတွေအတွက် အာဏာမသိမ်းခင် မသန်စွမ်းတွေလိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ထောက်ပံ့ပေးတာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကူညီထောက်ပံ့တာတွေမရှိတော့တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။

မသန်းစွမ်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူတော့လေ အမြင်မသန်စွမ်းဆိုရင် မျက်မှန်၊ မျက်လုံးခွဲစိတ်ပေးတာတို့၊ အကြား တွေအတွက်ဆို နားကြပ်တို့ ပေါ့နော် အဲ့လိုမျိုးပေါ့၊ တစ်ယောက်ချင်းစီအတွက် လိုအပ်တာတွေ အရင်က လုပ်ပေးတာတွေရှိခဲ့ပေမဲ့ အခုက ဘယ်သူမှလည်း ကူညီတာတွေမရှိတော့ဘူး၊ ကျွန်တော်တို့လည်း စစ်ရှောင်တွေဆိုတော့ သူတို့အတွက် မလုပ်ပေးနိုင်ဘူးလေလို့ပြောပါတယ်။

လက်ရှိမှာ မသန်စွမ်းတွေအတွက် မျက်မှန်၊ နားကြပ်၊ ချိုင်းထောက် အစရှိသဖြင့် အထောက်အကူပစ္စည်းတွေ လိုအပ်နေတဲ့အပြင် အဝတ်အထည်နဲ့ အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိသားစုတွေအနေနဲ့ ငွေကြေးမတက်နိုင်တာကြောင့် မသန်စွမ်းတွေဟာ ပညာရေးပိုင်းမှာ သင်ကြားနိုင်တာမရှိတဲ့အတွက် ကူညီထောက်ပံ့တာတွေရှိခဲ့ရင် စစ်ရှောင်စခန်းထဲမှာ သီးသန့်ကျောင်းဖွင့်ပေးစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။

အရင်တုန်းက စခန်းထဲမှာ စာသင်ပေးတာတွေရှိခဲ့တယ်၊ အခုအဲ့တာတွေမရှိတော့ငွေကြေးလည်းမတက်နိုင်ကြဆိုတော့ စာဆက်မသင်နိုင်တော့ဘူးလေ သူတို့တွေ၊ ဖြစ်နိုင်ရင်တော့ စခန်းထဲမှာဘဲ သူတို့အတွက် ကျောင်းဖွင့်ပေးချင်တယ်လို့ပြောပါတယ်။

မသန်စွမ်းကလေးတွေအနေနဲ့လည်း ပညာသင်ကြားနှောင့်နှေးတာတွေရှိတာကြောင့် တစ်ချို့မှာ စာမသင်ချင်တော့တာမျိုး၊ ရှက်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ အသက် ၁၀ နှစ် ကနေ အသက် ၆၀ ဝန်းကျင်ထိ မသန်စွမ်းစုစုပေါင်း ၈၃ ယောက်ရှိတဲ့ထဲမှာ ခန္ဓာကိုယ်မသန်စွမ်း၊ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံချို့ယွင်းသူ၊ ဉာဏ်ရည်ချို့ယွင်းသူ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူတွေပါဝင်ပြီးတော့ အများအားဖြင့်လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ရောဘတ်စစ်ရှောင်စခန်းမှာ လက်ရှိ လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက်နဲ့ အိမ်ထောင်စုပေါင်း ၅၆၂ စု ရှိပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button