နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ
ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့ အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး အခြေနေပိုပြီးဆိုးရွားလာနေတာကြောင့် အစားသောက်အပြင် အခက်ခဲမျိုးစုံကြုံနေရတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။
“အခုက တောထဲတိမ်းရှောင်နေသူတွေ ပိုများတယ်။ အခုက သူတို့လည်း လက်ရှိနေနေတဲ့နေရာက လုံခြုံမှုမရှိလို့ ထပ်ပြီးနေရာပြောင်း ထွက်ပြေးနေကြရတယ်။ တောထဲရှောင်သွားကြတဲ့သူတွေက မကြာဘူးထင်လို့ အများဆုံး ၁ ပတ်လောက်ပဲလို့ သတ်မှတ်ပြီး ရှောင်သွားတယ်။ အခုတော့ အရမ်းကြာလာတော့ ဒုက္ခရောက်နေတယ်။ တောထဲ မိုးကာတဲတွေထိုးပြီးနေနေတာလည်း စစ်တပ်ကတွေ့ရင် လေယာဉ်နဲ့ ဗုံးပြန်လာကြဲတော့ တဲထိုးလည်းမရ။ နေရာပြောင်းပြီး ထပ်ကာထပ်ကာ တိမ်းရှောင်နေကြရတာပေါ့။” လို့ နမ့်ဖတ်ကာစစ်ရှောင်ပြည်သူတစ်ဦးကပြောပါတယ်။
တောထဲမှာတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ယာယီမိုးကာတဲထိုးပြီးနေနေကြပေမယ့် စစ်တပ်က လေယာဉ်လာရောက်ဗုံးကြဲတာတွေရှိနေတဲ့အတွက် ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး နောက်ထပ် တောနေရာအသစ်မှာ ထပ်ပြီးပြောင်းရွှေ့တိမ်းရှောင်နေကြရကြောင်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူများတိမ်းရှောင်နေတဲ့နေရာအနီးတွေမှာလည်း စစ်တပ်နဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးလှုပ်ရှားတာတွေရှိနေတာကြောင့် စိုးရိမ်ပူပန်နေကြရကြောင်းလည်း စစ်ရှောင်တွေ ဆိုပါတယ်။
ဒီစစ်ရှောင်တွေအားလုံးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာစစ်တပ်ဘက်က စစ်တပ်နဲ့နီးစပ်တဲ့ ရပ်ကွက် ၄ ခုလောက်က ဒေသခံပြည်သူတွေအားလုံးကို တိမ်းရှောင်ကြဖို့ စတင်ပြောလာတဲ့နေ့စကပြီး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။
ဒါ့အပြင် လတ်တလော စစ်ရေးအခြေအနေပိုတင်းမာလာတဲ့အတွက် နမ့်ဖတ်ကာရွာထဲမှာတော့ အိမ်စောင့်လောက်နဲ့ ထွက်ပြေးစရာနေရာမရှိတဲ့သူတွေလောက်သာကျန်နေခဲ့ပြီး အားလုံးနီးပါး နီးစပ်ရာဒေသတွေဆီ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် တောထဲတွေမှာ တိမ်းရှောင်နေကြရတဲ့သူတွေအနေနဲ့ အစားသောက်နဲ့ ရိက္ခာတွေပိုပြီးခက်ခဲလာတာ ၁ ပတ်ခန့်ကြာလာပြီဖြစ်ကြောင်း ဆက်လက်သိရပါတယ်။
“အခုက ရွာတွေထဲ တိမ်ရှောင်နေသူတွေကိုတော့ ကျေးရွာထဲကသူတွေနဲ့ အသင်းတော်တွေဆီက တတ်နိုင်သလို ကူညီပေးနိုင်သေးတယ်။ အဓိက တောထဲကို တိမ်းရှောင်နေကြတဲ့ သူတွေကိုပဲ ဘာမှကူညီလို့မရဘူး ဖြစ်နေတယ်။ ရွာထဲမှာ ကိုယ်သိတဲ့ အိမ်တွေထဲ အိမ်ထောင် ၃ခု ၄ ခုလောက် ပေါင်းပြီး ကြပ်ရင်လည်း ကြပ်သလို နေနေကြရတာပေါ့။ အိပ်ဖို့ စားဖို့ ချက်ဖို့ နေရာတွေ ခက်ခဲလည်း ဖြစ်သလိုတိမ်းရှောင် နေကြရတယ်”လို့ ခိုမုန်းကျေးရွာ စစ်ရှောင်ကူညီသူတစ်ဦးလည်း ပြောပါတယ်။
လက်ရှိ နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်၊ ဇီးတဘန် နဲ့ မနောင်ယန်ရပ်ကွက်တွေထဲက အိမ်ခြေ ၁၂၀ ကျော်က နမ့်ဖတ်ကာအရှေ့ဘက်ခြမ်းရှိတောထဲက ကျောက်ဆောင်တွေထဲ ချောင်ကြူချောင်ကြားတွေထဲ တိမ်းရှောင် ခိုလှုံနေကြရသလို နမ့်ဖတ်ကာအနီးက နမ့်အွမ်၊ တီးမား၊ ကြိုင်လဲန့်ကျေးရွာ၊ ခိုမုန်း၊ ဆင်လုံ၊ ဇွပ်ရာ နဲ့ နားဖိုင် စတဲ့ကျေးရွာတွေက အသင်းတော်ပိုင် ခြံဝင်းတွေထဲ၊ ဆွေးမျိုး အသိမိတ်ဆွေအိမ်များနဲ့ နေရာလွတ်တဲ့အစိုးရကျောင်းတွေထဲ ခိုလှုံနေကြရကြောင်း သိရပါတယ်။
နမ့်ဖတ်ကာကျေးရွာက ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိတဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီ ခလရ ၁၂၃ တပ်စခန်းမှ လက်နက်ကြီဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေတာလည်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ